News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ဘုရားကုန်းဒေသတွင် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အားကြည့်ရှုစစ်ဆေး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

22nd Jan 2024

 

 

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ဘုရားကုန်းဒေသတွင် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အားကြည့်ရှုစစ်ဆေး

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝန်ကြီးဌာနကွပ်ကဲ မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှတာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅) ဓာတ်မြေဩဇာ စက်ရုံ(ကန်ကြီးထောင့်)သို့ ယနေ့နံနက်ပိုင်းတွင်ရောက်ရှိကြပြီး စက်ရုံလည်ပတ်ထုတ်လုပ်နေမှု အခြေအနေ၊ စက်ရုံ၏ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံ အားထိန်းချုပ်လည်ပတ်နေမှုအခြေအနေတို့အား စစ်ဆေးကြည့်ရှုခဲ့ပါသည်။

ထို့နောက် စက်ရုံဧည့်ခန်းမတွင် စက်ရုံမှူးမှ ကုန်းတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ထုတ်လုပ်ရရှိသည့်သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ဓာတ်မြေဩဇာများထုတ်လုပ် ဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍတွင်အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ ဆောင်းသီးနှံများ ရာနှုန်းပြည့်ထွက်ရှိရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အားပေး ထောက်ပံ့ခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ရည်မှန်းချက်များပြည့်မီရေးတွင် အဓိက သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများပြည့်ဝစွာအသုံးပြုနိုင်ရေးသည် အဓိကနေရာမှပါဝင်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာလိုအပ်ချက်ကိုထုတ်လုပ်ဖြည့်ဆည်းနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာန တွင်တာဝန်ရှိနေပါကြောင်း၊ ယခုအချိန်တွင် မိမိတို့၏ဓာတ်မြေဩဇာထုတ်လုပ်နိုင်မှုသည် နိုင်ငံတော် လိုအပ်ချက်၏ ၇ % သာရှိနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သည့် သဘာဝဓာတ်ငွေ့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစီအမံများချမှတ်ဆောင်ရွက်နေသကဲ့သို့ ဓာတ်မြေဩဇာစက်ရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများအနေဖြင့် ရရှိလာသည့်သဘာဝဓာတ် ငွေ့ကို အလေအလွင့်အနည်းဆုံးဖြစ်စေရေးအတွက် စက်များ၏စွမ်းဆောင်ရည်အစဉ်မြင့်မားနေစေ ရေး ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများကို ၁၉၇၀ ခုနှစ်ဝန်းကျင်တွင်စတင်ထူထောင်ခဲ့ပြီး ဒုတိယအသုတ်အနေဖြင့် ၁၉၈၅ ခုနှစ်တွင်ထပ်မံ ထူထောင်ခဲ့ကာ တတိယသုတ်ကို ၂၀၁၀ ခုနှစ်တွင်ထူထောင်ခဲ့ခြင်းဖြစ်သဖြင့် တတိယအသုတ် သည်ပင် သက်တမ်း ၁၃ နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သည့်နည်းပညာနှင့် စက်ပစ္စည်းကိရိယာများအား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်ပါက အစားထိုးလဲလှယ်ခြင်းများပြုလုပ်၍ စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်ကုန်၏အရည်သွေးကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ခေတ်မီထုတ်လုပ်မှုနည်းပညာများနှင့် အရည်အသွေးမြင့်ပစ္စည်း ကိရိယာများကို ကိုင်တွယ်အသုံးပြုနိုင်ရေး စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် တောင်သူများအနေဖြင့် မိမိတို့ ပြည်တွင်း၌ထုတ်လုပ်သည့်ဓာတ်မြေဩဇာများကို အဖိုးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ရေးအတွက် ပြင်ပ ပေါက်ဈေးထက်များစွာလျှော့ချရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် များစွာစိုက်ထုတ်ပေးထားပါ ကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာစက်ရုံတည်ရှိနေသဖြင့် သယ်ယူ ပို့ဆောင်ခအလွန်သက်သာနိုင်ပြီး စက်ရုံထုတ်ဈေးနှုန်းနှင့်မကွာသောဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့်ဓာတ်မြေဩဇာ၏ ၂၇ % ကို ဧရာဝတီတိုင်း ဒေသကြီးသို့ ဖြန့်ဖြူးပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ တွင် ၃၄ % ထိ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဓာတ်မြေဩဇာစက်ရုံများကို စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး၊ စက်များ၏စွမ်းဆောင်ရည်မြင့်မားစေခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ စက်ရုံတွင်တာဝန်ထမ်းဆောင်နေသော စက်ရုံမှူးနှင့် အရာထမ်း/အမှုထမ်းများအနေဖြင့် ၁၃ နှစ်တာကာလအတွင်း စက်ရုံအား ကောင်းမွန် စွာထိန်းသိမ်းထားနိုင်ပြီး ကုန်ထုတ်လုပ်မှုများဆောင်ရွက်နေနိုင်သည့်အပေါ်တွင် အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုး ရေးကဏ္ဍ ရည်မှန်းချက်ပန်းတိုင်ရရှိနိုင်စေရန်အတွက် အရေးကြီးသည့် ဓာတ်မြေဩဇာများပိုမိုထုတ် လုပ်နိုင်ရေး သဘာဝဓာတ်ငွေ့တိုးတက်ရှာဖွေနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများနှင့် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံမှ ဝန်ထမ်းများအား မိမိအနေဖြင့် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများနှင့် ဓာတ်မြေဩဇာစက်ရုံများအတွက် လိုအပ်သည်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက်အင်အားဖြည့် အစားအစာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘုရားကုန်းဒေသသို့ရောက်ရှိကြရာ တာဝန်ရှိသူများမှ 2D Seismic တိုင်း တာ၍ရရှိသောအချက်အလက်များအပေါ်မူတည်တွက်ချက်၍ မြေအောက်တွင်ခိုအောင်းတည်ရှိနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ပမာဏနှင့် ထုတ်ယူရရှိ နိုင်ည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကိုတိုးမြှင့်ဖြည့်ဆည်းနိုင်ရန်အတွက် ဖြစ်နိုင်ဖွယ်ရာနည်းလမ်းများဖြင့် ကြံဆကြိုးပမ်း လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်၏သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ၅၀ % ခန့်သာ ဖြည့်ဆည်းပေးနိုင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်တွင်းထုတ်ကုန်တိုးမြှင့် နိုင်ရန်၊ ကုန်ထုတ်လုပ်မှုကိုအခြေခံသည့်လုပ်ငန်းများဖွံ့ဖြိုးလာစေရန် စဉ်ဆက်မပြတ်အားပေးအား မြှောက်ပြုနေသည်ဖြစ်ရာ အနာဂတ်ကာလများတွင် သဘာဝဓာတ်ငွေ့လိုအပ်ချက်သည် မလွဲမသွေ မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် သဘာဝ ဓာတ်ငွေ့လိုအပ်မှု၏ ၂၀ % ခန့်သာဖြန့်ဖြူးပေးနိုင်နေသည်ဖြစ်ရာ တိုးတက်သုံးစွဲလာနိုင်မှုများကို မျှော်မှန်း၍ ၂၀၂၈ တွင်ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ၅ နှစ်တာကာလအတွက် နှစ်အလိုက် အကောင်အထည်ဖော်မည့်အစီအမံပြုလုပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် လျက်ရှိရာတွင် အဖျောက်သဘာဝဓာတ်ငွေ့မြေ၌အောင်မြင်မှုရရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်ရည်မှန်းချက် ကို ပထမလမှာပင်ပြည့်မီသွားပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်ရည်မှန်းချက်ပြည့်မီရေးအတွက် ယခု တိုင်းတာရေးပြုလုပ်နေသည့် ဘုရားကုန်းဒေသ၏လုပ်ငန်းစဉ်များသည် အရေးကြီးပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားပြီး စွန့်စားရမှုလည်း မြင့်မားပါကြောင်း၊ ထို့ကြောင့် တိကျစွာစူးစမ်းတိုင်းတာနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတကာတွင် 3 D တိုင်းတာရေးနည်းစနစ်များကို လိုအပ်သည့်အချိန်၌ တွင်ကျယ်စွာအသုံးပြုနိုင် နေပြီး အချို့လုပ်ငန်းစဉ်များတွင် 4 D အထိပါ အသုံးပြုနေပြီဖြစ်ရာ မိမိတို့အနေဖြင့်လည်း မကြာမီ အချိန်အတွင်း 3 D အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း၊ ယခု ဆောင်ရွက်နေသည့် ဘုရားကုန်းဒေသ တိုင်းတာရေးလုပ်ငန်းများကို မိုးမကျမီပြီးပြတ်မှသာ လာမည့်ပွင့်လင်းရာသီတွင် တူးဖော်ရေးလုပ်ငန်းများစတင်နိုင်မည်ဖြစ်ရာ သတ်မှတ်ထားသည့် ရည်မှန်း ချက်အောင်မြင်နိုင်ရေးအတွက် ယခုဘုရားကုန်းဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများသည် နိုင်ငံတော်အတွက်အကျိုးရှိစေမည့် လုပ်ငန်းတာဝန်တစ်ရပ်ကို ကြိုးစားဆောင်ရွက်နေကြသူများအဖြစ်ဂုဏ်ယူနိုင်ကြစေရန်လာရောက်အားပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင် ထားရှိသည့်စေတနာနှင့် မိမိတို့အတတ်ပညာများ၊ အတွေ့အကြုံများပေါင်းစပ်ပြီး လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပါသည်။

စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ သဘာဝဓာတ်ငွေ့ထုတ်ယူရန်အလားအလာရှိသည့် ဘုရားကုန်းဒေသတွင် ၂၀၁၉ ခုနှစ်မှ ရပ်ဆိုင်းထားသည့် ဆိုက်စမစ်လုပ်ငန်းများကို ယခုအခါပြန်လည်စတင်ခဲ့လျက်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လအတွင်းအပြီးဆောင်ရွက်ကာ ၂၀၂၅ ခုနှစ်မှစတင်၍ သဘာဝဓာတ်ငွေ့များစမ်းသပ်ထုတ် လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Other News