စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်း
နေပြည်တော် ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဇင်လမ်း(တော်ဝင်သီရိလမ်းနှင့် မြတ် မင်္ဂလာလမ်းကြား)လမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် အတူ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဦးဆောင်၍ ကံ့ကော်ပင်အား သတ်မှတ်ထားသောနေရာတွင် လည်းကောင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများက ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင်(၄၀၈)ပင်တို့အား လည်းကောင်း စိုက်ပျိုးခဲ့ကြကာ ပြည်ထောင်စု ဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်နယ်/တိုင်းဒေသကြီး ကြီး ကြပ်စစ်ဆေးရေးအရာရှိရုံးများ၊ ရေနံမြေများ၊ စက်ရုံ/အလုပ်ရုံအသီးသီးတွင် ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင်၊ သပြေ၊ ကုက္ကို၊ ဝက်သစ်ချနှင့် အခြားအရိပ်ရလေကာပင်များ စုစုပေါင်း ၄၅၆၀ ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။