စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode ဖြင့် Scan ဖတ်ရောင်းချရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုမရှိသည့် အရောင်းဆိုင်များအားစိစစ်အရေးယူ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်များ၏ QR Code/Barcode ကို Scan ဖတ်၍ ရောင်းချရသည့်ပမာဏကိုအခြေခံ၍ စက်သုံးဆီဝယ်ယူခွင့်(PO)များ ခွဲဝေပေးခြင်း၊ ထပ်မံလိုအပ်လာပါကလည်း စိစစ်ခွင့်ပြုပေးခြင်းနှင့် ယင်းသို့ရောင်းချနေမှုအခြေ အနေများကိုလည်း Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိ ပါသည်။
QR Code/ Barcode ဖြင့် Scan ဖတ်ရောင်းချမှုများကို မှန်ကန်မှုရှိစေရေးအတွက် စက်သုံး ဆီအရောင်းဆိုင်များသို့ အမှန်တကယ်လာရောက် ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖတ်ရောင်းချ ရန်နှင့် မသမာသောနည်းလမ်းဖြင့် QR Code/ Barcode ရောင်းအားမြင့်တက်စေရန် ဆောင်ရွက်နေ ကြောင်း စိစစ်တွေ့ရှိရပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာအရောင်းဆိုင်၊ လုပ်ငန်းရှင်နှင့် ကုမ္ပဏီများသို့ ကြိုတင်အသိပေး အကြောင်းကြားထားရှိပြီးဖြစ်ပါသည်။
သို့သော် အချို့သောအရောင်းဆိုင်များသည် မူရင်း QR Scan ဖတ်ခြင်းမပြုလုပ်ဘဲ ယာဉ် နံပါတ်များအား ရိုက်ထည့်၍ စက်သုံးဆီဝယ်ယူခွင့်(PO) ပိုမိုရရှိစေရေးဆောင်ရွက်နေကြောင်း Control Centre မှ စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သည့် အရောင်းဆိုင်(၂၀)အား စက်သုံးဆီဝယ်ယူ ခွင့်(PO) ပမာဏလျှော့ချခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ပြင်းထန်စွာသတိပေးခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။
စက်သုံးဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျဖြစ်စေရေးအတွက် နည်းပညာဖြင့်ထိန်းချုပ်နေခြင်း ဖြစ်ရာ ဌာနအနေဖြင့် Control Centre မှစောင့်ကြည့်စစ်ဆေးနေသကဲ့သို့ နည်းပညာအဆင့်မြှင့် တင်ခြင်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
အလားတူဖြစ်စဉ်မျိုးထပ်မံတွေ့ရှိလာပါက စက်သုံးဆီအရောင်းဆိုင်အား အမြဲတမ်းပိတ်သိမ်း ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အရောင်းဆိုင်များအား စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတိပေးထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်