၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပင်လယ်ကွေ့ပဋိပက္ခကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ဆိုင်ရာအခက်အခဲများကို ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စများ၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့သည် ရေပြင်၊ မြေပြင်နယ်နိမိတ် ချင်းထိစပ်နေသော နိုင်ငံများဖြစ်သည့်အတွက် စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများတွင် အခွင့်အလမ်း ကောင်းများရှိနေရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော် ဓာတ်အားလိုင်း(Regional Grid)တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားရောင်းဝယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်- မြန်မာ-ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ် အားကုန်သွယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။