News

Home News detail

မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်

31st Jul 2026

မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၌ ယနေ့ညနေ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် PTTEP INTERNATIONAL LIMITED မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မုတ္တမကမ်း လွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်နေ့တွင် ကုန်းတွင်းစီမံကိန်း တစ်ခုအတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရက်(၁၀၀)ပြည့်မြောက်သည့်အချိန်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းတို့သည် အစိုးရသစ်လက် ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက်  မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မုတ္တမကမ်းလွန် လုပ်ကွက် (M-3) (အောင်သိင်္ခစီမံကိန်း)ကို ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့ရာ ယနေ့အချိန်တွင် လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ စီမံကိန်းမှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အဓိက အသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်မည့်သဘာဝဓာတ်ငွေ့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၈ ခုနှစ်အကုန်တွင် သဘာဝဓာတ်ငွေ့ စတင် ထုတ် လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် သဘာဝ ဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြုလုပ်ရန် ဖိတ်ခေါ် တိုက် တွန်း ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် PTTEP မှ ဒုတိယအမှုဆောင်အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် PTTEP အထွေထွေမန်နေဂျာနှင့် ဒုတိယအမှုဆောင်အရာရှိချုပ်တို့က မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) ကို လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Other News