၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်း သား/သမီးများအား ပညာသင်ကြားရန် အထောက်အပံ့ပြုအားပေးခြင်း အခမ်းအနားကျင်းပပြုလုပ်
နေပြည်တော်၊ မေလ ၂၇ ရက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်တက်ရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ဝန်ထမ်း သား/သမီးများ အား ပညာသင်ကြားရန် အထောက်အပံ့ပြုအားပေးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုအခမ်းအနားသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီးများ ပညာရေးအတွက် အထောက်အပံ့ပြုအားပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး တွန်းအားပေးဆောင်ရွက်နေသကဲ့သို့ စာရေးကိရိယာ၊ သင်ရိုးညွှန်းတမ်းစာအုပ်၊ ပညာသင်ကြေး စသည်တို့ကို အခမဲ့ထောက်ပံ့ပေးနေပါကြောင်း၊ တနည်းအားဖြင့် ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များသည် အဓိကအင်အားစုဖြစ်သဖြင့် သားသမီးများ ပညာတတ်မြောက်ရန် မိဘတိုင်းတွင် တာဝန်ရှိပါကြောင်း၊ လူငယ်များအနေဖြင့်လည်း “ပညာရွှေအိုးလူမခိုး” “ပညာရဲရင့်ပွဲလယ်တင့်” ဆိုသည့် ဆိုရိုးစကားများနှင့်အညီ ပညာသင်ယူတတ်မြောက်မှသာ အသိပညာဗဟုသုတကြွယ်ဝပြီး လက်တွေ့ ဘဝတွင်တွေ့ကြုံလာမည့် အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမည်ဖြစ်ပါကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာ နိုင်ငံတော်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် “လက်ဦး ဆရာမည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ” ဆိုသည့်ဆိုရိုးစကားနှင့်အညီ မိဘတိုင်းမိမိတို့၏ သား/သမီးများ ပညာတတ်မြောက်ရန်တင်မကဘဲ ဗလငါးတန်နှင့်ပြည့်စုံစေရန် ပြုစုပျိုးထောင်ပေးစေ လိုပါကြောင်း၊ သို့မှသာမိမိအကျိုး၊ မိသားစုအကျိုး၊ အဖွဲ့အစည်းအကျိုး၊ နိုင်ငံတော်၏အကျိုးတို့ကို သယ်ပိုးရွက်ဆောင်နိုင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မူကြိုမှ Grade 12 အထိ တက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။
ယနေ့ အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းသားသမီးများမှ မူကြို (၁၃၈) ဦး၊ မူလတန်း (၂၄၈၇) ဦး၊ အလယ်တန်း (၁၃၄၀) ဦး၊ အထက်တန်း (၁၁၅၅) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၅၁၂၀) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးငွေ ၇၄,၄၂၄,၀၀၀ (ကျပ်ခုနှစ်ဆယ့်လေးသန်း လေးသိန်းနှစ်သောင်းလေးထောင်)အပြင် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းသုံးလွယ်အိတ်စသည့် ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။