လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း(Standard Well)တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ် (Operating Agreement) လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များပူးပေါင်း၍ နည်းစနစ်ကျတွင်း(Standard Well) တူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ် (Operating Agreement) လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)တွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယနေ့လက်မှတ် ရေးထိုးပွဲအခမ်းအနားသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အရေးပါသည့်မှတ်ကျောက်သစ် တစ်ခုဖြစ်ပါကြောင်း၊ ယခင်ကခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်းတူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင်ရေနံ သယံဇာတများအား လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် ရေရှည်အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ ပြည်တွင်းရေနံလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးတို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ကိုယ်ပိုင်ငွေကြေးအရင်းအနှီးများအား ကုန်ထုတ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေရန်ရည်ရွယ်၍ ရေနံနည်းစနစ်ကျတွင်း (Standard Well)များ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် တင်ပြလာသည့်ကုမ္ပဏီများကို စနစ်တကျစိစစ်၍ လုပ်ငန်းလုပ်ကိုင် ခွင့်များ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ်တကျသန့်စင်ပြီး နိုင်ငံပိုင်ရေနံချက်စက်ရုံများသို့ ပို့ဆောင်ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီများ အနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိစေမည့် ရေနံနည်းစနစ်ကျ တွင်း (Standard Well) များကို စနစ်တကျ တူးဖော်ထုတ်ကြရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးတိုး တက်အောင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ယခု လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် နည်းစနစ်ကျတွင်း တူးဖော်ခြင်းလုပ်ငန်းများမှတစ်ဆင့် နိုင်ငံတကာ နှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် ရေနံလုပ်ငန်းရှင်များအဖြစ် တိုးတက်လုပ်ဆောင်ကြရမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းတင်ပြပြီး လုပ်ငန်း ဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement)ကို လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးပြီး စာချုပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
သတင်းစာသားအပြည့်အစုံအား ဖတ်ကြားဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။