သီလဝါ ရှိ Terminal များသို့ ပြည်ပမှ စက်သုံးဆီများ တင်သွင်းရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးနေမှုနှင့် စစ်ဆေးရေးဂိတ်များတွင် ဆီတင်ယာဉ်များအားစစ်ဆေးခြင်း ဆောင်ရွက်နေမှုအခြေအနေများအား စနစ်တကျရှိစေရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်မှုမရှိ စေရေးအတွက် ပြည်ပမှစက်သုံးဆီများ စဉ်ဆက်မပြတ်ရောက်ရှိစေရေးနှင့် စက်သုံးဆီဆိုင် များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီများအားသုံးစွဲသူများသို့ ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှု ကွင်းဆက် တလျှောက်စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များ၏ လက်ကျန်ဆီ အခြေ အနေအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းနှင့် သီလဝါရှိ Terminalများမှ စက်သုံးဆီ များထုတ်ယူရောက်ရှိမှုအခြေအနေများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးလရော်သည် ၄-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါရှိ Terminal များသို့ စက်သုံးဆီတင်သင်္ဘောများ ရောက်ရှိဆီချယူနေမှု အခြေ အနေများနှင့် တင်သွင်းခွင့်ပြုသည့် ဆီပမာဏတန်ချိန်နှင့် ဆီတင်သင်္ဘောတွင်တင်ဆောင် ရောက်ရှိလာသည့် ဆီပမာဏ တန်ချိန်များကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုများ၊ တင်သွင်းလာသည့် ဆီအရည်အသွေးကိုက်ညီမှု ရှိ/မရှိ စစ်ဆေးနိုင်ရေးဆီနမူနာရယူ နေမှုများ၊ Terminal များတွင် စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများနှင့် စက်သုံးဆီ တင်ယာဉ်များဖြင့် ထုတ်ယူဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ Terminal များမှ တာဝန်ရှိသူများအား တွေ့ဆုံပြီး စက်သုံးဆီများ တင်သွင်းရာတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီသည့် စက်သုံးဆီများကိုသာတင်သွင်းစေရေး၊ တင်သွင်းရောက်ရှိလာသည့် စက်သုံးဆီများ အရည် အသွေးမပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Terminal များမှ စက်သုံးဆီများဖြန့်ဖြူးရာတွင် PO ခွင့်ပြုချက် များနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန်၊ စက်သုံးဆီဖြန့်ဖြူးရာတွင် ဆီတင်ယာဉ်များ စနစ်တကျရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးများကို သက်ဆိုင်ရာ Terminal ရှိသူများမှ အလေးထားကြပ်မတ်လိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပါ သည်။
ဆက်လက်၍ သီလဝါမှ စက်သုံးဆီများတင်ဆောင်ထွက်ခွာလာသည့် ဆီတင်ယာဉ် များအားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းစစ်ဆေး ခြင်းဆောင်ရွက်လျက်ရှိသည့် ထွဋ်ခေါင် စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ဆီတင်ယာဉ်များ အား စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆီတင်ယာဉ် စစ်ဆေးမှုများကို စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် လမ်းခရီးရှိ စစ်ဆေးသည့် ဂိတ်များတွင်လည်း စနစ်တကျဖြတ်သန်း သတင်းပေးပို့ မှတ်တမ်းတင်ထားရှိရန်ဖြစ်ကြောင်း၊ စက်သုံးဆီများကို မလိုလားအပ်သည်နေရာများသို့ရောက်ရှိမှု မရှိစေရေး၊ မျှောစာပါပို့ဆောင် ရမည့်နေရာများသို့ အမှန်တကယ်ရောက်ရှိစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်၊ ဆီတင်ယာဉ်များမောင်းနှင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုမောင်းနှင် ကြရန်နှင့် ဆီတင်ယာဉ်မောင်းများအား အသိပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ထားမှုအနေဖြင့် ဓာတ်ဆီအုပ်စုတွင် ရက် ၄၀ ၊ ဒီဇယ်အုပ်စုတွင် ရက် ၅၄ အတွက် သိုလှောင်ထားရှိပြီး သီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော ၃ စီး၊ လမ်းခရီးတွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘော ၁ စီး၊ တဖက်နိုင်ငံဆိပ်ကမ်းတွင် ဆီတင်နေသည့် သင်္ဘော ၁ စီးနှင့် ဆီတင်ရန် စောင့်ဆိုင်း နေသည့် ဆီတင်သင်္ဘော ၅ စီး၊ စုစုပေါင်း ဆီတင်သင်္ဘော ၁၀ စီးရှိပြီး အစီအမံအတိုင်း စက်သုံးဆီတင်သင်္ဘောများ ပုံမှန်ဝင်ရောက်လျက်ရှိပါသဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် စက်သုံးဆီများကို လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် အစဉ်တစိုက်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန