News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့် သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

29th Apr 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့် သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. မှ တည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. မှ တည်ဆောက်သော သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဂုဏ်ပြုအားပေးတက်ရောက်ခဲ့ပါသည်။

         ဖွင့်ပွဲအခမ်းအနားကို အဆိုပါစက်ရုံရှေ့ ဖွင့်ပွဲမုဒ်ဦးနေရာ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. တာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဓာတ်အားပေးစက်ရုံ ကမ္ပည်း‌မော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်း‌မော်ကွန်း ကျောက်စာတိုင် အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

         ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဆိုလာစီမံကိန်းများကို ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့သော Asia World Co., Ltd. မှ ဦးစီးဦးဆောင်လုပ်သည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီမံကိန်း၌ စေတနာဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ပေးကြသော ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုပါကြောင်း၊ ယခုပြီးစီးသည့် စီမံကိန်း ၂ ခုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀)ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါကြောင်း၊ မကြာမီတွင်လည်း ဆောင်ရွက်ဆဲ ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကြောင်း၊ စက်ရုံ အမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

         ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် လွန်စွာအရေး ကြီးပါကြောင်း၊ နိုင်ငံတော်တော်များများတွင် ဆိုလာစနစ်သည် အောင်မြင်မှုရှိနေသော်လည်း မြန်မာနိုင်ငံတွင် များစွာအားနည်းနေသေးပါကြောင်း၊ နိုင်ငံနှင့်ကိုက်ညီသည့် ဆိုလာဓာတ်အား ပေးစနစ်ကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားထားပါကြောင်း၊ ထို့အပြင် အချိန်တိုအတွင်း ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာစီမံကိန်း များကို လျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နှောင့်နှေးကြန့် ကြာနေသည့် ဆိုလာစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ပြောကြားရာတွင် နိုင်ငံတော်အတွက် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်နေသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် လည်ပတ်လျက်ရှိသည့် စက်ရုံများအနက်မှ အချို့သည်လည်း ဖျက်ဆီးမှုများ ခံခဲ့ရသည့်အတွက် ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းလျက်ရှိပါကြောင်း၊ ပို့လွှတ်မှုအပိုင်း တွင်လည်း ဝေးလံသည့် ခရီးတစ်လျှောက် ပို့လွှတ်ရသဖြင့် ဓာတ်အားများ လျော့နည်းဆုံးရှုံး သကဲ့သို့ သဘာဝဘေးဒဏ်နှင့် လူတို့၏ ဖျက်ဆီးခြင်းခံရသဖြင့် အချို့ ဓာတ်အားလိုင်းကြီးများ ပျက်စီးလျက်ရှိပါကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းမွန်သည့် ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေရသဖြင့် မကြာခဏ System Break Down ဖြစ်၍ ဓာတ်အားပြတ် တောက်မှုများဖြစ်ပါကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင်လည်း ဖြန့်ဖြူးသည့် နည်းစနစ်၏ အားနည်းမှု နှင့် မသမာမှုများကြောင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ ရှိနေပါကြောင်း၊ ယင်းသို့ အားနည်းချက်များ ရှိနေသည့်အတွက် ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် ဓာတ်အားကို မျှဝေသုံးစွဲနေရပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များကို ပြုပြင် နိုင်ရန်အတွက် ရေတိုရေရှည်အစီအမံများ ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဖြန့်ဖြူးရေး အပိုင်းတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကိုလည်း နည်းပညာဖြင့် ထိန်းကျောင်းခြင်း အပါအဝင် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြား ခဲ့ပြီး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက် လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင် ရာ တာဝန်ရှိသူများက စက်ရုံများ တည်ဆောက်ခဲ့မှု Documentary Movie များ ကြည့်ရှုခြင်း၊ ဓာတ်အားပေးစက်ရုံ ဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ရှုရပ်မှနေ၍ ဆိုလာ များ တပ်ဆင်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ ထပ်မံအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းတည်ဆောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

        

 

Other News