News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လာမည့်မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

05th May 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လာမည့်မိုးရာသီကာလအတွင်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၂ ခုနှစ် မေလ    ရက်

မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက် သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ တို့မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

         အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့်မိုးရာသီကာလအတွင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု (Power Generation Mix) တွင် အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝ ဓာတ်ငွေ့စက်ရုံများကို အသုံးပြုလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ရေအားလျှပ်စစ်စက်ရုံအချို့နှင့် မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် ယခုကဲ့သို့ အပူချိန် မြင့်မားသည့်အချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းလာသည့်အချိန်တို့တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်းဖြစ်ပါကြောင်း၊ မကြာမီ မိုးကျလာတော့မည်ဖြစ်ရာ ကောင်းမွန်လျက်ရှိနေသည့် ရေအားလျှပ်စစ်စက်ရုံများအား စွမ်းအားပြည့် လည်ပတ်၍ ဓာတ်အားထုတ်ယူရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် တမံကြီးများအား ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများအား ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေများအလိုက် အရံပစ္စည်းများ စုဆောင်းရေး၊ သယ်ယူပို့ဆောင်ရေးယာဉ်ယန္တရားများ အဆင်သင့်ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပိုမိုထွက်ရှိလာသည့် ဓာတ်အားများ ပို့ဆောင်နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကိုလည်း စစ်ဆေးထားရန်လိုကြောင်း၊ ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာ စက်ရုံများ အပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိုးရာသီ အချိန်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများကို အကျိုးရှိရှိဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် အစီအမံများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

        

 

 

        

Other News