News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် ရေနံချက်စက်ရုံစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းမည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

05th Jun 2025

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင်  ဆောင်ရွက်လျက်ရှိသည့် ရေနံချက်စက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းမည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

                                                ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်

           စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ လုပ်ငန်း/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂ခုနှစ်၊ ဇွန်ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် ရေနံချက်စက်ရုံစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းမည့်အခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ဧည့်ရိပ်သာ စက်ရုံမှူးနှင့်တာဝန်ရှိသူများ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူ များ၊ နည်းပညာပိုင်ဆိုင်ရာအကြံပေးအဖွဲ့တို့မှ စက်ရုံတည်ဆောက်နေမှု၊ စက်ပစ္စည်းများ ထုတ်လုပ် နေမှုအခြေအနေ၊သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများနှင့် မြစ်ဖြတ်ပိုင်းလိုင်းတည် ဆောက်နေမှုအခြေအနေ၊ သဘာဝဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ပေး နေမှုအခြေအနေများအား  သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြပြီး မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြား ရေးမှူးတို့က ဖြည့် စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ကို အသွင် သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် စီမံကိန်းအပိုင်း(၁) အဖြစ်  တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်းချက်လုပ်နိုင်သည့် ရေနံချက် စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ရေတိုရေရှည်အစီအမံများ ချမှတ်ဆောင်ရွက် နေပါကြောင်း၊ စီမံကိန်းတစ်ခုလုံး  ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်၏ ထက်ဝက်ခန့်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အပြင် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) အား အဆင့်မြှင့်တင်မွမ်းမံပြီး အဆင့်မြင့်စက်သုံးဆီများချက်လုပ်နိုင်ရန်ကို စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများပြီးစီးပါက  နိုင်ငံတော်၏စက်သုံးဆီ လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်သည့်အတွက်   နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေမည့်အပြင် ယခင်ကြုံတွေ့ခဲ့ရသည့် စက်သုံး ဆီအကြပ်တည်းများကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ကုန်ထုတ်လုပ်မှုကိုလည်းတိုးမြှင့် စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် စက်ရုံ တည်ဆောက်မည့်မြေနေရာတွင် Pile Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း (သန်လျင်)၊ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများသယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူ ကြောင်းလျာထားနေရာများ၊  တောင်ဒဂုံ-သန်လျင်  သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပဲခူးမြစ်ဖြတ် အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးသတ်မှတ်အချိန်ကာလတွင်ပြီးစီးနိုင်ရေးနှင့် သတ်မှတ် စံချိန်စံညွှန်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သည် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပြီး ယခုအခါ နိုင်ငံတော်၏စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် တစ်နှစ်လျင်ရေနံစိမ်းတန်ချိန် ၅ သိန်းချက် လုပ်နိုင်သော Modular Type စက်ရုံအား  ယခုနှစ် အကုန်တွင် လည်ပတ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျင် ရေနံစိမ်းတန်ချိန် ၃ သန်းချက် လုပ်နိုင်သည့် ရေနံချက် စက်ရုံအသစ်အား  ၂၀၂၈ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော်အတွက်လိုအပ်သည့် အဆင့်မြင့်စက်သုံးဆီများအား မကြာတော့သောကာလအတွင်း ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်သည့်အခြေအနေသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Other News