ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများအား ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမ စူးစမ်းလေ့လာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံပေးအပ်
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်
ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများအား ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ်ပဏာမစူးစမ်းလေ့လာ ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့်ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်း နှင့် စခန်းချအောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန၊ ရတနာ ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး)၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဘူမိဗေဒပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်များတွင် ကြိုးစားရှာဖွေတူးဖော်ထုတ်လုပ်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ အတွင်း ကုန်းတွင်းအနည်ကျချိုင့်ဝှမ်း ၁၄ ခုရှိပြီး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကောင်းစွာရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျချိုင့်ဝှမ်း ၉ ခုရှိပါကြောင်း၊ ၎င်းတို့အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန် အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင် သည့်“စွမ်းအင်ကဏ္ဍလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” အား ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University-Industry-Research & Development Tripartite Collaboration” ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က ကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာ တွင် အနေအထားဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာအသုံးပြုခဲ့ရပြီး ယခုအခါတိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်းလေ့လာခြင်းအဆင့်သာဖြစ်ပြီးဆက်လက် ၍ အသေးစိတ်ထပ်မံ လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက်လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းအဖွဲ့အနေဖြင့် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဖြင့်ပူးပေါင်းဆောင်ရွက်သွားကြပြီး မိမိတို့ကြုံတွေ့ရသည့်အတွေ့အကြုံများကိုလည်း အမြင်ချင်း ဖလှယ်တိုင်ပင်ဆွေးနွေးကြရန်နှင့် အခက်အခဲများကြားမှရရှိလာသည့်အခွင့်အရေးကို အကျိုးရှိရှိ အသုံးချ၍ နိုင်ငံတော်အတွက် အဖိုးထိုက်တန်သော ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်း (Field Report) တစ်ခုရရှိအောင် အတူတကွပူးပေါင်းဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား စခန်းချ အောင်နိုင်ရေးအလံပေးအပ်ပြီး၊ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။