စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်စီမံကိန်းအသစ် “မင်းရဲသူ” စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သော Gulf Petroleum Myanmar Co., Ltd. တို့အကြား မုတ္တမ ကမ်းလွန်လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း) တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) လက်မှတ်ရေးထိုးချုပ်ဆိုပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်တွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ/ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Gulf Petroleum Myanmar Co., Ltd. မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံ့ ဘဏ္ဍာငွေတိုးတက်ရှာဖွေပေးနိုင်ရန်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်မှု များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သန့်ရှင်းသည့် စွမ်းအင်ဖြစ်သည့် သဘာဝဓာတ်ငွေ့အပေါ်တွင် မှီခိုအားထားနေရဆဲဖြစ်ရာ သဘာဝဓာတ်ငွေ့ လိုအပ်ချက်သည် သိသာစွာမြင့်တက်လာပါကြောင်း၊ မိမိတို့နိုင်ငံတွင် သသာဝဓာတ်ငွေ့သိုက်များ အတန်အသင့်ရှိရာ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီးများသည် သဘာဝအလျောက် ထုတ်လုပ်မှုများကျဆင်းလာနေပြီး စီမံကိန်း ပြီးဆုံးမည့်ကာလများလည်း နီးကပ်လာသဖြင့် အလားအလာကောင်းများရှိသည့် လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မုတ္တမကမ်းလွန်လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)အား အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုဆောင်ရွက်နိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ငွေကြေးထည့်ဝင်မှု အားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေပေးနိုင်ခြင်း၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာခြင်း၊ ပြည်တွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်ဖြစ်သည့် ၂၀၂၈ ခုနှစ်အတွင်း ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ Gulf Petroleum Myanmar Co., Ltd. မှ ဝန်ထမ်းများ၊ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားပါသည်။
ထို့နောက် Gulf Petroleum Myanmar Co., Ltd. မှ အမှုဆောင်အရာရှိချုပ်က ကျေးဇူးတင် စကားပြောကြားပြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Gulf Petroleum Myanmar Co., Ltd. အမှုဆောင်အရာရှိချုပ်တို့က မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract) ကို လက်မှတ်ရေးထိုးချုပ်ဆိုကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ ကမ်းလွန်စီမံ ကိန်းကြီး(၄)ခု၊ ထပ်မံ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကမ်းလွန် စီမံကိန်းကြီး(၂)ခု၊ စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး(၆)ခုရှိပြီးဖြစ်သဖြင့် ယခု မုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန်စီမံကိန်းကြီး ဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ကမ်းလွန်စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။