News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

27th Jul 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ  အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

                                             ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်

           စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံဧည့်ရိပ်သာ၌စက်ရုံမှူးနှင့်တာဝန်ရှိသူများမှ စက်ရုံ အား ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအမံများတို့အားရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးမြှင့်စေရန်မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)အား ပြန်လည်လည်ပတ်ပြီး နိုင်ငံတော်အတွက်လိုအပ်သည့်စက်သုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင် စက်ရုံ ပြန်လည်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည်လည်ပတ်ချိန်တွင် လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်နှင့်ဝန်ထမ်းများစုစည်းလေ့ကျင့်ထားကြရန်လိုပါကြောင်း၊ ကုန်ကျမှုအသက်သာဆုံး ဖြစ်စေရန် ထူထောင်ထားပြီးဖြစ်သည့်အခြေခံအဆောက်အဦများကို အတတ်နိုင်ဆုံးအကျိုးရှိထိရောက် စွာပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ပြန်လည်လည်ပတ်နိုင်ရေးအတွက် Site Survey ဆောင်ရွက်ခြင်း၊ စက်ရုံဒီဇိုင်းရေးဆွဲခြင်း၊ စက်ရုံအတွက်လိုအပ်သည့် စက်ပစ္စည်းကိရိယာများတပ်ဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထုတ်လုပ်ရရှိလာမည့် စက်သုံးဆီအရည် အသွေးကို အနိမ့်ဆုံး EURO 4 Standard ရရှိအောင်ရည်မှန်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ စက်ရုံ ပြန်လည်လည်ပတ်ရေးအတွက် ဖွဲ့စည်းထားသည့်နည်းပညာအကြံပေးအဖွဲ့၏ အကြံဉာဏ်များရယူကာ သတ်မှတ်ချိန်အတွင်း စက်ရုံလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို တစ်ပြိုင်နက် တည်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ရေနံစိမ်း ကုန်ကြမ်းနှင့် သဘာဝဓာတ်ငွေ့အား စက်ရုံသို့ပို့လွှတ်နိုင်ရေးသွယ်တန်းမည့် ပိုက်လိုင်းလမ်းကြောင်း တည်ဆောက်မည့်လမ်းအူကြောင်းကို သေချာစွာရွေးချယ်သတ်မှတ်သွားရန်လိုပါကြောင်း၊ ရေနံချက် စက်ရုံလည်ပတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားဘဝ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်မျှော်တွေးဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းအများအနေဖြင့် လည်း စက်ရုံပြန်လည်လည်ပတ်ပါက မိမိတို့ကျွမ်းကျင်ထားပြီးဖြစ်သည့် နည်းပညာနှင့်အသိပညာများကို ပြန်လည်အသုံးချနိုင်စေရေးအတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန်လိုပါကြောင်း၊ လက်ရှိစက်ရုံ ဝန်ထမ်းများအား ကုန်ထုတ်လုပ်မှုအပိုင်းသာမက ကိန်းဂဏန်းအချက်အလက်နှင့် စီမံခန့်ခွဲမှုအပိုင်းများကို ပါ ကျွမ်းကျင်နားလည်တတ်မြောက်စေရေးလိုအပ်သည့် သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပ သွားကြရမှာဖြစ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးရေးအစီအမံများသည် အရေးကြီးသဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ် နိုင်ရေးနည်းပညာပိုင်းဆိုင်ရာအကြံပေးအဖွဲ့နှင့်တွေ့ဆုံ၍ စက်ရုံဒီဇိုင်းနှင့် အကွက်ချပုံစံ၊ နည်းပညာပိုင်း ဆိုင်ရာများ၊ စက်ရုံသုံးရေအရင်းအမြစ်ရရှိနိုင်မှုအခြေအနေ၊ လက်ရှိစက်ရုံအား ပြန်လည်ဆယ်တင်နိုင် မည့်အခြေအနေနှင့် သတ်မှတ်ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေးအစီအမံများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး စက်ရုံဝန်းအတွင်းလှည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံသင်တန်းကျောင်း၌ စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးနှင့် သက်သာ ချောင်ချိရေးကိစ္စများအားမေးမြန်း၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သည် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပြီး ယခုအခါ နိုင်ငံတော်၏စက်သုံးဆီလိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်ရှိထူထောင်ထားပြီးဖြစ်သည့် စက်ကိရိယာများ၊ အခြေခံအဆောက် အဦများအားအတတ်နိုင်ဆုံးဆယ်တင်၍ပြန်လည်အသုံးချပြီး စက်ရုံအား အပိုင်းလိုက်တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

 

 

 

Other News