အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူခွင့်ရရှိနေသော မော်တော်ယာဉ်များအနေဖြင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေး စီမံဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်
စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေးအတွက် မော် တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချပေး လျက်ရှိရာတွင် ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်၍ ကျင်းပ ပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန် ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းအား နိုင်ငံတော်အနေဖြင့် ဖြေရှင်း ဆောင်ရွက်နေရာတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ အရန်စက်သုံးဆီပမာဏပိုမိုသိုလှောင်နိုင်ရေး၊ စက်သုံးဆီ တင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေပါကြောင်း၊ စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရေးသည်အဓိကကျပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍ အတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို မပြောင်းလဲ သော ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးနေပါကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေပါကြောင်း၊ စက်စွမ်းအား တူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီ ကုန်ကျစရိတ်ကိုနှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာ ကုန်ကျမည်ဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များ အနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ CNG Taxi သုံးယာဉ်များအား စီးနင်းကြသည့် ပြည်သူများအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းကြီးမြှင့်မှုကို အခွင့်အရေးယူ၍ ဌားရမ်းခတိုးမြှင့်တောင်းခံခြင်း များကြုံတွေ့ရ၍ တိုင်းကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွား မည်ဖြစ်ပါကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးကြရန် လိုအပ်ပါကြောင်း၊ မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူး ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG)ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ CNG သုံးယာဉ်များအနေဖြင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ထိရောက်အကျိုးရှိစွာ ဝန်ဆောင်မှုပေးစေရေး တင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
CNG သုံးယာဉ်များနှင့် စပ်လျဉ်း၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမရှိပါက အောက်ပါဖုန်းနံပါတ်များသို့ တိုင်းကြားနိုင်ပါကြောင်း သတင်းရရှိပါသည်။
တိုင်ကြားရန်ဖုန်း
ညွှန်ကြားရေးမှူး(CNG)- 09 794115410