စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား ( H.E. Ms. Ma Jia ) အား လက်ခံတွေ့ဆုံ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား ( H.E. Ms. Ma Jia )အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီအနည်ကျချိုင့်ဝှမ်း ၊ မုတ္တမအနည်ကျချိုင့်ဝှမ်း တို့နှင့်ဆက်စပ်သည့် မြန်မာ့ကမ်းလွန်ဒေသများတွင် နည်းပညာတိုးတက်လာသည်နှင့်အညီ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနေမှုများကို ပိုမိုတိကျစွာ ရှာဖွေတွေ့ရှိလာမှုကြောင့် ယင်းဒေသ များတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများတိုးမြှင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုအခါ Andaman ကျွန်းအနီးတဝိုက်တွင်လည်း အိန္ဒိယနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက် လျက်ရှိနေကြောင်း၊ မိမိတို့နှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘော တူညီထားသည့် စွမ်းအင်ကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်နေပါကြောင်း၊ မိမိတို့နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများတွင် လည်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့်အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက် များတွင် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး နည်းပညာနှင့် အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့ပြီး သက်တမ်းရင့်ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် နည်းပညာအသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ်အား ပူးပေါင်းတည်ဆောက် မည့်စီမံကိန်း၊ ရေနံချက် စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရခြင်း ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို နှစ်ဘက်ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အတူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်သံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။