စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာ-တရုတ်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခြင်း
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၃ ရက်
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးတို့နှင့်အတူ South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် ဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ LNG Terminal တည်ဆောက်၍ သဘာဝဓာတ်ငွေ့ များထုတ်ယူပြီး နှစ်နိုင်ငံမျှဝေသုံးစွဲခြင်းစီမံကိန်းအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖြစ်နိုင်ချေဆန်းစစ်ခြင်းများကို ဆောလျင်စွာစတင်နိုင်ရေးကိစ္စ၊ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဆက်သွယ်ထားပြီးဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ် နိုင်ရေးအတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ရန်ကိစ္စ၊ မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်လည်ပတ်နိုင်ရေးကိစ္စများအပါအဝင် စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံအနေဖြင့် ပိုမို၍ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။