စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြား
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်
နေပြည်တော်ရှိ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသည့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းများအား စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန်အတွက် တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ၂၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာတွင် နှစ်သစ်ကူးသင်္ကြန်ရုံးပိတ် ရက်ရှည်ပြီးဆုံး၍ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများရာနှုန်းပြည့် အလုပ်တက်ရောက်ကြသဖြင့် လုပ်ငန်းခွင်မှ ဝမ်းမြောက်စွာဖြင့်နွေးထွေးစွာကြိုဆိုပါကြောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး ၂၀၂၅ မတ်လ ၂၈ရက်နေ့က မမျှော်လင့်သော ကြီးမားပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို တွေ့ကြုံခံစားခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းရေးနှင့် ဆက်ဆံပြန်ကြားရေးဆပ်ကော်မတီ၊ စာရင်းဇယားများပြုစုရေး၊ အလှူငွေနှင့်ပစ္စည်းလက်ခံရေး ဆပ်ကော်မတီ၊ ပြန်လည်နေရာချထားရေးနှင့်ပစ္စည်းများ ထောက်ပံ့ရေးဆပ်ကော်မတီ၊ သောက်ရေ/ သုံးရေဖြန့်ဝေရေး ဆပ်ကော်မတီ၊ ယာယီကယ်ဆယ်ရေး စခန်းတည်ဆောက်ရေးနှင့် အဆောက်အဦ ပြုပြင်ထိန်းသိမ်းရေးဆပ်ကော်မတီနှင့် ရုံး၊ ဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များလုံ ခြုံရေးဆပ်ကော်မတီ စသည့်ကော်မတီ(၆)ရပ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစတင်၍ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများ၏ စားရေး၊ ဝတ်ရေး၊ နေရေး အစစအရာရာ အဆင်ပြေစေရန်အတွက် ဒက္ခိဏသီရိမြို့နယ်တွင် ယာယီကယ်ဆယ်ရေး စခန်း(၁)နှင့် (၂)တို့ကို ဖွင့်လှစ်ကာ နံနက်-နေ့-ည စာများ ချက်ပြုတ်ကျွေးမွေခြင်း၊ ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် သဘာဝမြေငလျင် ဘေးဒဏ်ခံစားခဲ့ရသော ရုံးအဆောက်အဦများ၊ အိမ်ရာများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံး များတည်ဆောက်ရေးလုပ်ငန်းများအတွက် မိမိတို့ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများပါဝင်သော အဆောက်အဦများစစ်ဆေးရေးကော်မတီကိုလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ စတင်ဖွဲ့ စည်းကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆောက်အဦများအား အကြီးစားပြင်ဆင်နေစဉ်အတွင်း Aftershock များကို ခံနိုင်ရည်ရှိစေရေး လိုအပ်သည့်နေရာများတွင် Steel Structure များဖြင့် ကြံ့ခိုင်မှုရှိအောင်အားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယာယီလူနေအဆောက်အဦနှင့် ယာယီရုံးခန်းများ မေလဒုတိယအပတ် အတွင်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုနှင့်အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်နှင့် မူလ လုပ်ငန်းတာဝန်များကိုအရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် ဝန်ထမ်းများ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး ပူးပေါင်းဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးကလည်း တက်ရောက်လာသည့် ဝန်ထမ်းများအား အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။