News

Home News detail

စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန်အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်း

22nd Mar 2025

စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန်အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်း

၂၀၂ ခုနှစ် မတ်၂၂ ရက်

               စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂ ခုနှစ် မတ်၂၂ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများတာဝန်ရှိပုဂ္ဂိုလ်များနှင့် Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့  ပို့ဆောင်နိုင်ရန် စွမ်းအင်သယံဇာတအပါအဝင် နိုင်ငံတော်၏ သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုမှကာကွယ်ရန်၊ နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်ကို အတတ် နိုင်ဆုံးဖြည့်ဆည်းရန်နှင့် တိုင်းရင်းသာလုပ်ငန်းရှင်များကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ချက် များဖြင့် Standard Well များကို ပူးပေါင်၍တူးဖော်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စွမ်းအင် သယံဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်တည်ရန်  နှစ်သန်းပေါင်း ၄၀ ခန့်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့တန်ဖိုးရှိသော သယံဇာတအမွေအနှစ်များကို မိမိတို့နိုင်ငံတွင်နေထိုင်သော ပြည်သူများ ကသာပိုင်ဆိုင်သဖြင့် ပြည်သူများအကျိုးကိုရှေးရှု၍ စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်ပါကြောင်း၊ မိမိတို့ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ကုန်များဖြစ်သော မော်တော်ယာဉ် သုံးဖိအားမြှင့် သဘာဝဓာတ်ငွေ့(CNG)၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG)၊ စက်သုံးဆီများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာများကိုလည်း အများပြည်သူအကျိုးအတွက် ဈေးနှုန်းသက်သာ စွာ ဖြန့်ဖြူးရောင်းချပေးနေပါကြောင်း၊ အဆိုပါထုတ်ကုန်များကို အရေအတွက်နှင့် အရည်အသွေး ပိုမိုမြှင့်တင်ပြီး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဓိကအခြေခံအကျဆုံး ကုန်ကြမ်း ဖြစ်သည့် ရေနံစိမ်းကို Standard Well (နည်းစနစ်ကျတွင်း) များ တူးဖော်ခြင်းဖြင့် ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး ယခုလိုတိုင်းရင်းသားလုပ်ငန်းရှင်များအား  ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါ ကြောင်း၊ စွမ်းအင်သယံဇာတအပါအဝင် နိုင်ငံတော်၏ သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်ကို နိုင်ငံတော်နှင့်ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားအတွက် ထိခိုက်ပျက်စီးမှုမရှိရန် ကာကွယ်စောင့် ရှောက်ရန်လည်းလိုအပ်ပါကြောင်း၊ တိုင်းရင်းသားရေနံလုပ်ငန်းရှင်များအား နိုင်ငံတကာမှ ရေနံလုပ်ငန်း ရှင်များကဲ့သို့ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် အများပိုင်ကုမ္ပဏီများဖွဲ့စည်း၍  ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနတာဝန်ရှိသူများမှ Standard Well တူးဖော်ခြင်းဆိုင်ရာ လိုက်နာ ရမည့်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် နည်းပညာများကို ရှင်းလင်းဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီစွာတင်ပြလာပါက Standard Well (နည်းစနစ်ကျတွင်း) များ တူးဖော်ရန်ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ Standard Well တူးဖော်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့်ဉပဒေ၊ စည်းကမ်းချက် များနှင့်ပတ်သက်၍လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အဆိုပြုတင်ပြထားသည်များအပေါ် စိစစ်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များမှ သိရှိလို သည်များအား မေးမြန်းဆွေးနွေးကြကာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Other News