ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ)ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံ ဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းတို့သည် ရေနံဓာတ် ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရေနံဓာတ်ငွေ့ရည် (LPG) သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိသည့် သန့်ရှင်းသောလောင်စာဖြစ်ပါကြောင်း၊ ထင်းအစားထိုးမီးဖိုချောင်သုံးလောင်စာ (Cooking Gas)နှင့် စက်မှုလုပ်ငန်းသုံးအဖြစ် အသုံးပြုနိုင်ပါ ကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကိုအသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့နည်းသက်သာစေမည် ဖြစ်ပြီး အခြားအရေးကြီးသောနေရာဒေသများတွင် လျှပ်စစ်ဓာတ်အားကို ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ ထင်းမီးသွေးအစားထိုး အသုံးပြုနိုင်ပြီးသစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချနိုင်ပါကြောင်း၊ မြို့နေလူထုသာမက ကျေးရွာလူထုအထိ ရေနံဓာတ်ငွေ့ရည်အား ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ဖြူးသွားနိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် ရေနံဓာတ်ငွေ့ရည်ကို ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)၊ အမှတ်(၂)နှင့်အမှတ် (၃) ရေနံဓာတ် ငွေ့ရည်စက်ရုံတို့မှ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(ဗြူတိန်း)နှင့် စက်မှုလုပ်ငန်းသုံး (ပရိုပိန်း) တို့ကို ထုတ်လုပ်ဖြန့်ဖြူးပေးနေပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကို မီးဖိုချောင်သုံးလောင်စာအဖြစ် အဓိကထား အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်း များနှင့် စက်မှုလုပ်ငန်းများအပြင်၊ မော်တော်ယာဉ်များတွင်လည်း အသုံးပြုလျက်ရှိသဖြင့် ပြည်သူများ အတွက်များစွာအကျိုးရှိပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်အား မော်တော်ယာဉ်များတွင်အသုံးပြုမည်ဆိုပါက စက်သုံးဆီအသုံးပြုမှုထက် ကုန်ကျစရိတ်ပိုမိုသက်သာစေမည်ဖြစ်ပါကြောင်း၊ ပြည်ပမှစက်သုံးဆီတင်သွင်းမှု ကိုလည်းလျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ (၂) ရုံသည် ပြည်တွင်းသဘာဝဓာတ်ငွေ့ ရရှိမှုပေါ်မူတည်ပြီး လည်ပတ်ထုတ်လုပ်လျက်ရှိကြောင်း၊ အနာဂတ်ကာလတွင် ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်ပြီး ယခုအရောင်းဆိုင်ကို နိုင်ငံတကာ အဆင့်မီတည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံဓာတ်ငွေ့ရည်အသုံးပြုရာတွင် သုံးစွဲသူများ အနေဖြင့် အသိပညာဗဟုသုတရရှိပြီး လုံခြုံစွာဖြင့်အသုံးပြုနိုင်ရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးတို့ကို ရတနာစုကုမ္ပဏီအနေဖြင့်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ရေနံဓာတ် ငွေ့ရည်သည် မီးလောင်လွယ်သည့်ပစ္စည်းဖြစ်သဖြင့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် Standard Operating Procedure များ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်တို့မှလည်း ကြပ်မတ်ဆောင် ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းမှ ရေနံဓာတ် ငွေ့ရည်လုပ်ငန်းဆောင်ရွက်ရာတွင် Research and Development ကိုလည်း ဆောင်ရွက်သွား စေလိုကြောင်း၊ ခေတ်နှင့်အညီဆောင်ရွက်သွားနိုင်ရေးအတွက် IT နည်းပညာကို အသုံးချ နိုင်ရေး Research Team ဖွဲ့စည်းဆောင်ရွက်သွားစေလိုပါကြောင်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၏လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာများကိုမျိုးဆက်သစ်လူငယ်များမှ လက်ဆင့်ကမ်း သင်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရတနာစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာမှ ဆိုင်သစ်ဖွင့်လှစ်နိုင်ရေး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေနှင့် ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်တွင် ရေနံဓာတ်ငွေ့ရည်သိုလှောင်ဖြန့်ဖြူးရောင်းချ နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။