စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများ မှ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ရပ်ဆိုင်းထားသည့် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ဧည့်ရိပ်သာ၌ စက်ရုံမှူးနှင့်တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများ က လက်ရှိရေနံချက်စက်ရုံ(ခ)မှ အသုံးပြုနိုင်သည့်စက်ပစ္စည်းများအား ပြန်လည်ဆယ်တင်ပြုပြင် မွမ်းမံဆောင်ရွက်နေမှုအခြေအနေများ၊ ပထမအဆင့်အနေဖြင့် ဆယ်တင်စက်ပစ္စည်းများ ထည့်သွင်း အသုံးပြု၍ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်းချက်လုပ်နိုင်မည့် Modular Type စက်ရုံအသစ် တည်ဆောက်နိုင်ရေး လုပ်ငန်းဆောင်ရွက်သွားမည့်အစီအမံများအား ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ ပါသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစက်သုံးဆီ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစက်ရုံမှ ပြန်လည် ဆယ်တင်အသုံးပြုနိုင်မည့်စက်ပစ္စည်းများ၊ ရှိရင်းစွဲအခြေခံအဆောက်အဦများနှင့်အရင်းအမြစ် (Utilities)များကို အတတ်နိုင်ဆုံးပြုပြင်မွမ်းမံ၍ ပြန်လည်အသုံးချပြီး စက်ရုံအသစ်အား သတ်မှတ် ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအသစ်တည်ဆောက်မည့်မြေနေရာ ရှင်းလင်းခြင်း၊ စက်ရုံ၏ဒီဇိုင်းနှင့်ပုံစံတို့အား အတည်ပြု၍စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ စက်ပစ္စည်း များလုပ်ငန်းခွင်ဧရိယာသို့ပို့ဆောင်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း၊ သိုလှောင်ကန်များနှင့် ပိုက်လိုင်းကွန်ယက်များပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကြမ်းရေနံစိမ်း သယ်ယူမည့်ပိုက်လိုင်းတည်ဆောက်ခြင်း၊ စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သောစက်ရုံသုံးရေ၊ သဘာဝဓာတ်ငွေ့ရယူခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းတည် ဆောက်ခြင်း စသည့်လုပ်ငန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရ မည်ဖြစ်သဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအား တစ်ပြိုင်နက်တည်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ထို့အပြင် စက်ရုံလည်ပတ်ရေးအတွက် ဝန်ထမ်းများအား သတ်မှတ်ပညာအရည် အချင်းအလိုက် ရွေးချယ်တာဝန်ပေးအပ်ခြင်းနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၊ စက်ရုံကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်းများ ကြိုတင်ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး၊ မိလ္လာများ ကောင်းမွန် စေရေးနှင့် လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) မှ အသုံးပြုနိုင်သည့် စက်ပစ္စည်းများ ပြန်လည်ဆယ်တင်ပြုပြင် မွမ်းမံဆောင်ရွက်နေမှုအခြေအနေများ၊ စက်ရုံအသစ် တည်ဆောက်မည့်မြေနေရာ ရှင်းလင်းမှုအခြေအနေများ၊ စက်ဆီချောဆီရောစပ်စည်သွတ်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။