စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခြင်း၊ ရေနံချက်စက်ရုံအား သွားရောက်ကြည့်ရှုလေ့လာခြင်း
၂၀၂၄ ခုနှစ် ၊ နိုင်ဝင်ဘာလ ၁၄ ရက်
တတိယအကြိမ်မြောက် ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်ရန် နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြားစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ယူနန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၍ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့လွှတ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ယူနန်ပြည်နယ်တွင် အသုံးပြုနေမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ယူနန်ပြည်နယ်တွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့်အခွင့်အလမ်းများ ရှိနေသည့်ကိစ္စရပ်များ၊ စွမ်းအင် ကဏ္ဍနှင့်စပ်လျဉ်းသည့် အင်ဂျင်နီယာပညာရပ်များ၊ ယူနန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်း ရှင်များအား မြန်မာနိုင်ငံ၏အလားအလာကောင်းများရှိနေသော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်ရန် တိုက်တွန်းပေးစေလိုသည့် ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်ဆောင်ရွက်နေသည့် အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုန်စည်ပြပွဲ (Asian Oil & Gas Equipment Exhibition) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ် (Investment Forum for Oil & Gas Sector)တွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ယူနန်ပြည်နယ်အစိုးရအနေဖြင့် ရန်ကုန်နှင့်မန္တလေးတို့တွင် Solarလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် Grant Aid အဖြစ်ထောက်ပံ့ကူညီပေးလိုသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေး ခဲ့ပြီး ယူနန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးမှတည်ခင်းဧည့်ခံသည့် ညစာစားပွဲအားတက်ရောက် ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း မြန်မာ-တရုတ်ပိုက်လိုင်းများမှ ရယူထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဆောင်ရွက်နေသော ယူနန်ပြည်နယ်ရှိ PETROCHINA YUNNAN PETROCHEMICAL COMPANY ၏ ရေနံချက်စက်ရုံသို့ သွားရောက်လေ့လာခဲ့ရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လုပ်မှုနည်းစဉ်များ၊ အရည်အသွေးထိန်းချုပ်မှုစနစ်များ၊ စက်ရုံပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အဆင့်မြင့် နည်းပညာ အသုံးပြုနေမှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြုလုပ်ထားသည့် အစီအမံများနှင့် စပ်လျဉ်း၍ စက်ရုံတွင်း လှည့်လည်ကြည့်ရှု၍ အစည်းအဝေးခန်းမ၌ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နည်းပညာ ဆိုင်ရာ အချက်အလက်များ၊ စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေး နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ယူနန် ပြည်နယ် အစိုးရပိုင်အဖွဲ့အစည်းများဖြစ်သော Yunnan Construction Investment Holding Group Co., Ltd. (YCIH) နှင့် Yunnan Provincial Overseas Investment Co., Ltd. (YOIC) တို့၏ အကြီးအကဲများမှ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့လာရောက်၍ ဖြစ်နိုင်ချေများလေ့လာဆန်းစစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ် နိုင်ရန်ဖိတ်ခေါ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။