News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း

13th Nov 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း

၂၀၂ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်

          တတိယအကြိမ်မြောက် ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်ရန် နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြားစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၌ ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ် တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့အား စဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ မြန်မာနှင့် တရုတ် နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များ ရှိနေ၍ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့်သဘာဝဓာတ်ငွေ့အား မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့်ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ ပေကျင်းမြို့ရှိ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration (NEA))၏ အစည်းအဝေးခန်းမ ဆောင်၌ ဒုတိယအကြီးအကဲဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒများ၊ မဟာ ဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့်အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု များဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ် ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အချက်အခြာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားရန် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ် နိုင်ငံမှဆောင်ရွက်ပေးနိုင်သည့်အခွင့်အလမ်းများကိုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ တတိယ အကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံတွင် ဆွေးနွေးခဲ့သည့်ခေါင်းစဉ်အား ကြိုဆိုခဲ့ပြီး နှစ်ဦးနှစ်ဘက်အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ Sino-pipeline International (SPI) ၏ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအား တည်းခိုသည့်နေရာသို့လာရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ခရီးစဉ် အတွင်း တရုတ်နိုင်ငံ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၏အကြီးအကဲများနှင့်တွေ့ဆုံခဲ့မှုရလာဒ်များ အပေါ်တွင် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများအား တင်ပြဆွေးနွေး ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာသံရုံး၊ ပေကျင်းမြို့မှသံမှူးကြီးဦးဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့လည်းတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Other News