စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုသတင်း
၂၀၂၄ ခုနှစ် ၊ နိုင်ဝင်ဘာလ ၈ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင်ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံ၊ စွမ်းအင်နှင့် ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General ၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှု နယ်ပယ်များတွင် အဆင့်မြင့်နည်းပညာများ အသုံးချရေး၊ တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်ရေး၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး သုံး စက်ပစ္စည်းကိရိယာများအား မူရင်းထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေး တို့အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုန်စည်ပြပွဲ (Asian Oil & Gas Equipment Exhibition) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ် (Investment Forum for Oil & Gas Sector)တစ်ခုအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Central Asian Oil City နှင့် China Association for Asian Economic Development Mining Professional Committee တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအား ဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။