News

Home News detail

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သံအမတ်ကြီးဦးအောင်ကိုနှင့် မြန်မာစွမ်းအင်ကိုယ်စားလှယ်အဖွဲ့တက်ရောက်

27th Sep 2024

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ကျင်းပလျက်ရှိသည့်

(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သံအမတ်ကြီးဦးအောင်ကိုနှင့် မြန်မာစွမ်းအင်ကိုယ်စားလှယ်အဖွဲ့တက်ရောက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

(၄၂)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (42nd ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှအလှည့်ကျဥက္ကဌ အဖြစ်ကြီးမှူးကျင်းပလျက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ စွမ်းအင်ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံ များမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံ တကာမှ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြပြီး အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) ၏ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြ ပါသည်။ အစည်းအဝေးများတွင် ဒေသတွင်းနိုင်ငံများအကြား ရေအောက် လျှပ်စစ်ဓာတ်အားလိုင်းများအပါအဝင် လျှပ်စစ်ဓာတ်အားကွန်ယက်စနစ် အဆင့်မြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်နှင့် LNG Terminal များ တိုးမြှင့်တည်ဆောက်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေးသုံးစွဲမှုနည်း ပညာများ အသုံးပြုရေး၊ စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ပြန်ပြည့် မြဲစွမ်းအင်အရင်းအမြစ်များပိုမိုတိုးမြှင့်သုံးစွဲရေး၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဘက် နိုင်ငံ/ အဖွဲ့အစည်းများအကြား ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Joint Ministerial Statement (JMS) of 42nd AMEM နှင့် Joint Ministerial Statement of 21st AMEM+3 တို့ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် (၂၁) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဘက် ၃ နိုင်ငံ စွမ်းအင်ဝန်ကြီးများအစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီတို့ အစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း စွမ်အင်မျှဝေသုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုရေးတို့နှင့် စပ်လျဉ်းသော အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်အတူ (၂၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ စီးပွားရေးဖိုရမ် (24th ASEAN Energy Business Forum – 24th AEBF) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ချီးမြှင့်ပွဲတို့ကိုလည်း တစ်ပေါင်းတည်းကျင်းပပြုလုပ်ခဲ့ပြီး 8th ASEAN ENERGY OUTLOOK ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

Other News