News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက် နေပြည်တော်၊ ဇူလိုင်လ ၁၀ ရက်

10th Jul 2024

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်

မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ ၁၀ ရက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲ ဥက္ကဋ္ဌများဖြစ်ကြသော စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ရုရှားနိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Sergey Mochalnikov တို့နှင့်အတူ နှစ်ဖက် ပူးတွဲလုပ်ငန်း အဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက် နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ် များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကွန်ရက်စနစ် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ LNG ဝယ်ယူတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်လည်ပတ်ခြင်းဆိုင်ရာ ကိစ္စ ရပ်များ၊ ရေနံထွက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရယူရေးဆိုင်ရာကိစ္စရပ်များအပေါ် နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယ အကြိမ်အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်ခန့်တွင် ကျင်းပနိုင်ရေး ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News