News

Home News detail

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးတက်ရောက်

01st Apr 2024

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဧပြီလ () ရက်

          စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စွမ်းအင်ဝန်ကြီး ဌာန၊ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အဖွင့် အမှာစကားပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ပထမဦးဆုံးစတင်သည့်နေ့ဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်း များအနေဖြင့် လက်ရှိ မိမိတို့ဝန်ကြီးဌာနမှချမှတ်ထားသော ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် စွမ်းဆောင်ရည်ကောင်းမွန်နေရန် လိုအပ် ပါကြောင်း၊ ဝန်ထမ်းအဆင့်အလိုက် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု (Leadership and Management) ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ အကောင်အထည် ဖော်နိုင်ရေးအတွက် ဝန်ထမ်းများအချင်းချင်းကြား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက် မှု၊ ပွင့်လင်းမှုရှိရန် အရေးကြီးပါကြောင်း၊  စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ် နိုင်ရေး၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည် LPG စက်ရုံ များ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများအပေါ်သေချာစွာစိစစ်သုံးသပ်ပြီး ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေရှည်အစီအမံ များချမှတ်၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များအကောင်အထည်ဖော်ဆောင် ရွက်မှုအပေါ် စိစစ်သုံးသပ်နိုင်ရေး ယနေ့အစည်းအဝေးကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကုန်းတွင်းနှင့်ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းများကို မိမိတို့ဝန်ကြီးဌာနမှ ကိုယ်တိုင်ဆောင်ရွက်နေသလို နိုင်ငံတကာရေနံကုမ္ပဏီများနှင့်ပူးပေါင်း၍လည်းဆောင် ရွက်နေပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခြင်းကိုသုံးသပ်ကြည့်မည် ဆိုပါက ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ အသစ်များ ရှာဖွေတွေ့ရှိ ခြင်းမရှိတော့သည်ကိုတွေ့ရှိရသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အသစ်ရှာဖွေတွေ့ရှိ နိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန သည် နိုင်ငံတော်၏ စက်သုံးဆီနှင့်ဓာတ်မြေဩဇာ လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိရေနံချက်စက်ရုံများအားစက်စွမ်းအားပြည့်လည်ပတ်ချက်လုပ်နိုင်ရေး မွမ်းမံပြင်ဆင် ခြင်းနှင့် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်နိုင်ရေးလုပ်ငန်းများကိုလည်း အားသွန် ခွန်စိုက် ကြိုးပမ်းသွားရန်လိုအပ်ပါကြောင်း၊ ဓာတ်မြေဩဇာစက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့်ရရှိသည့် သဘာဝဓာတ်ငွေ့များအား အကျိုးရှိထိရောက်စွာအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေး လက်ရှိစက်ရုံများအား စနစ်တကျပြင်ဆင်မွမ်းမံသွားကြရန်လိုပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရန် လက်ရှိဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက်ကိုလည်း အစီအမံ များချမှတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတို့က စွမ်းအင် ဝန်ကြီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေ၊ စက်သုံးဆီဖူလုံရေးဆောင်ရွက်နေမှု၊ စနစ်တကျတင်သွင်းသိုလှောင်ဖြန့်ဖြူးမှု အခြေအနေ၊ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးဆောင်ရွက်နိုင်မှုအခြေအနေ၊ ပြည်တွင်းလိုအပ်ချက်အားဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည် LPG စက်ရုံများ စက်စွမ်းအားပြည့်လည် ပတ်နိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေတို့ကိုအသီးသီးသုံးသပ်တင်ပြခဲ့ကြပြီး စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့မှ  ဖြည့်စွက်သုံးသပ်ဆွေးနွေး ခဲ့ပါသည်။

          စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ်စိစစ်သုံးသပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန် ရှိသူများသည် In person စနစ်ဖြင့်လည်းကောင်း၊ ရေနံမြေ၊ စက်ရုံ၊ အလုပ်ရုံနှင့် ပြည်နယ်/ တိုင်း စစ်ဆေးရေးအရာရှိရုံးများ၊ ရေနံမြေတို့မှ တာဝန်ရှိသူများသည် Virtual စနစ်ဖြင့်လည်းကောင်း၊ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Other News