News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အဖျောက်သဘာဝ ဓာတ်ငွေ့မြေ၌ သုတေသနပြုလုပ်၍သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေအားသွားရောက်ကြည့်ရှုအားပေး

20th Jan 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အဖျောက်သဘာဝ ဓာတ်ငွေ့မြေ၌ သုတေသနပြုလုပ်၍သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေအားသွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ (၂၀) ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့‌ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်း၏ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့သွားရောက်၍ ပါးလွှာသဲကြောများကို လေ့လာ၊ တွက်ချက်၊ သုတေသနပြုလုပ်၍ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ် ၅၀ နှင့် ၅၄ တို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ အသစ်တူးဖော်လျက်ရှိသောတွင်းအမှတ် ၆၀ သို့ရောက်ရှိရာ တာဝန်ရှိသူများက အဖျောက် သဘာဝဓာတ်ငွေ့မြေ၏ တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊ လက်ရှိဆောင်ရွက် နေသည့်အခြေအနေများ၊ တွင်းဟောင်းများဖြစ်သည့် တွင်းအမှတ် ၅၀၊ ၅၄ နှင့် ၅၆ တို့၏ သဘာဝဓာတ်ငွေ့ ထွက်ရှိရန်အလားအလာနည်းပါးသည့် ပါးလွှာသဲကြောများအား ပြန်လည် လေ့လာတွက်ချက် သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာ သဘာဝ ဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအားရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ယခုလို သဘာဝဓာတ်ငွေ့တွင်းဟောင်းများအား ပြန်လည် လေ့လာတွက်ချက် သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းကဏ္ဍအတွက် မှတ်တမ်းကောင်းတစ်ခုရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်ပါ ကြောင်း၊ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ဦးဆောင်ညွှန်ကြား ရေးမှူးနှင့်တကွ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အခြား သော ရေနံမြေများတွင်လည်း ယခုလိုရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ တွင်းသစ်တူးဖော်နေသည့် တွင်းအမှတ် ၆၀ ကိုလည်း အောင်မြင်မှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက် ထုတ်လုပ် နိုင်ရေး အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး လိုအပ်သောလေ့လာသင်ယူမှုများ လုပ်ဆောင်ရန်လိုကြောင်း၊ ယခု သုတေသနပြုမှု၏ အောင်မြင်မှုနှင့် AI နည်းပညာတို့ ပေါင်းစပ်အသုံးပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ခြင်းဖြင့် ခိုအောင်းနေနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး တိုးမြှင့်၍ ထုတ်လုပ်လာ နိုင်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

          ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖျောက်သဘာဝဓာတ်ငွေ့မြေရှိတွင်းအမှတ် ၅၀ နှင့် ၅၄ တို့မှ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြု လက်ဆောင်ဓာတ်ပုံကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့မြေရှိ အစည်း အဝေးခန်းမတွင် ရေနံမြေဝန်ထမ်းဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်သည် အဖျောက်ရေနံမြေ၏ မင်္ဂလာရှိသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ အနာဂတ်တွင်လည်း ယခုကဲ့သို့ တိုးတတ်အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများနှင့်ပတ်သက်သည့် တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

          အဖျောက်သဘာဝဓာတ်ငွေ့မြေကို ၁၉၉၁ ခုနှစ်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရာမှ ယခုပြန်လည်၍ ထွက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ တိုးမြှင့်ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ယူရီးယားဓာတ်မြေဩဇာစက်ရုံများ၊ အိမ်သုံးရေနံဓာတ်ငွေ့ရည် (LPG) စက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များသို့ သဘာဝဓာတ်ငွေ့ပိုမို့ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလျော့နည်းကျဆင်းလာသောကြောင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များအတွက် လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် ရတနာ၊ ဇောတိက၊ ရွှေ ကမ်းလွန်စီမံ ကိန်းများမှထုတ်လုပ်သော တန်ဖိုးမြင့်သဘာဝဓာတ်ငွေ့များနှင့် အချိုးကျရောစပ်ဖြန့်ဖြူး ပေးခဲ့ရသော်လည်း ယခုအခါ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ပြီး CNG မော်တော်ယာဉ်များအတွက်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်သဖြင့် ကမ်းလွန်စီမံကိန်းများမှ တန်ဖိုးမြင့်သဘာဝဓာတ်ငွေ့ ရောစပ်ဖြန့်ဖြူးခြင်းကိုလျှော့ချနိုင်ပြီ ဖြစ်ပါသည်။ ထိုသို့ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ စတင်၍ပါးလွှာသဲကြောများကို လေ့လာတွက်ချက် သုတေသနပြုအောင်မြင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးကဏ္ဍ ဆန်းသစ်လာတော့မည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။

Other News