News

Home News detail

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ဆိုင်ရာလုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေး

15th Jan 2024

နေပြည်တော်၊ ဇန်နဝါရီလ ၁၃ ရက်

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) သို့ ရောက်ရှိရာ စက်ရုံအတွင်း ရေနံ ဓာတ်ငွေ့ရည် (Liquified Petroleum Gas - LPG) လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ စက်ရုံမှတာဝန်ရှိသူများက ရေနံ ဓာတ်ငွေ့ရည် ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် Corporate Social Responsibility (CSR) အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက စက်ရုံ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စက်ပစ္စည်းကိရိယာများအား ကြိုတင်စစ်ဆေးပြုပြင်ခြင်းနှင့် ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေးအတွက် စီမံဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းအတွေ့အကြုံနှင့် အသိပညာများကို တစ်ဦးနှင့် တစ်ဦး လက်ဆင့်ကမ်းမျှဝေပေးကြစေလိုကြောင်း၊ ရတနာစုကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ယနေ့ အထိ ဒေသဖွံ့ဖြိုးရေးအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကို အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်ပြီး ဒေသအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက် သွားစေလိုကြောင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့်ပတ်သက် ၍လည်း တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးချို့ယွင်းမှုများရှိပါက ဦးစားပေးအဆင့်အလိုက် စစ်ဆေးပြုပြင်ဆောင်ရွက်ပေးရန် လိုကြောင်း မ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက် ပေးခဲ့ကာ ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့မှ ဝန်ထမ်းများအား အမှတ်တရ သစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန် တိုင်းဒေသသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ အများပြည်သူသို့ စက်သုံးဆီ ဖြန့်ဖြူးရောင်း ချပေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ စက်သုံးဆီများ၏ အရည်အသွေးနှင့် အချင်အတွယ် ပြည့်မီစေရေး၊ ဝန်ဆောင်မှုကောင်းမွန်စေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သည် သဘာဝဓာတ်ငွေ့မှ ရေနံဓာတ်ငွေ့ရည် (Liquified Petroleum Gas - LPG) တစ်ရက်လျှင် တန် ၃၀ ထုတ်လုပ်ဖြန့်ဖြူးနေသော စက်ရုံတစ်ရုံဖြစ်ပြီး၊ ရေနံဓာတ်ငွေ့ရည်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်သကဲ့သို့ ထင်း၊ မီးသွေး လောင်စာ သုံးစွဲမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Other News