News

Home News detail

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် သတင်းဌာနများ ၉-၁၂-၂၀၂၃ ရက်နေ့ ၁၇:၀၀ နာရီချိန် ပြုလုပ်သည့် လတ်တလော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြုလုပ်သည့် အမေး/အဖြေ ကဏ္ဍ

09th Dec 2023

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် သတင်းဌာနများ ၉-၁၂-၂၀၂၃ ရက်နေ့ ၁၇:၀၀ နာရီချိန် ပြုလုပ်သည့် လတ်တလော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြုလုပ်သည့် အမေး/အဖြေ ကဏ္ဍ (Interview)တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးမှ ဖြေကြားခြင်း

မေး။   နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အချို့ မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တွေမှာ ကားနဲ့ဆိုင်ကယ်တွေ တန်းစီဝယ်ယူနေတာ အများကြီး ဖြစ်နေတယ်။ Media တွေမှာလဲ ဖော်ပြနေတာတွေ့ရပါတယ်။ အခုလိုတန်းစီ ဝယ်ယူနေတဲ့ အခြေအနေဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကို ရှင်းပြပေးပါ။

ဖြေ။    ယခု လတ်တလောကာလမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားနဲ့ဆိုင်ကယ်တွေ တန်းစီဝယ်ယူနေတာ အများကြီးဖြစ်ပေါ်နေပါတယ်။ မကြာမီမှာ စက်သုံးဆီပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက်တော့မယ်ဆိုတဲ့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားသိရတဲ့ ကောလဟာလ သတင်းများနဲ့ လတ်တလော လူမှုကွန်ယက်တွေမှ ဖော်ပြနေတဲ့ မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူန်မှုများဖြစ်ပေါ်ပြီး အဓိကအားဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက်ကျော် လွန်ပြီး ဝယ်ယူနေတာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။

သုံးစွဲသူ တစ်ချို့ကလည်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ အခေါက်ခေါက်ထုတ်ယူ သိုလှောင်ပြီး တစ်ဆင့်ပြန်လည်အမြတ်ထုတ်ရောင်းချခြင်းတို့ ဆောင်ရွက်နေတာမျိုးတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်။ ဒီအပြင် CNG Taxi များကလည်း စက်သုံးဆီကို မလိုအပ်ဘဲ အခြားနည်း အသုံးပြုရန် ဝယ်ယူနေကြတာတွေ့ရှိတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi များကို စက်သုံးဆီ လုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

          အဓိကမြို့ကြီးအချို့ရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တန်းစီမှုများဖြစ်ပေါ်ပြီး ဝယ်ယူမှုများပြား နေရတဲ့ နောက်ထပ်အကြောင်းအရင်းကို ဆန်းစစ်ကြည့်တဲ့အခါမှာ သုံးစွဲသူများအနေနဲ့ မိမိတို့ရဲ့ သွားလာရာလမ်းကြောင်းအရလည်းကောင်း၊ လိုအပ်တဲ့အချိန်နဲ့ပမာဏအရလည်းကောင်း နီးစပ်ရာ လမ်းကြောင်းသင့်တဲ့ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ ဆိုင်တွေမှာပဲ အဓိက တန်းစီဝယ်ယူလိုကြတာကြောင့်လည်းပါပါတယ်။      

          ဒီအပြင် ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေ များပြားလာကြောင့် ဝယ်ယူမှု မြင့်တက်လာတာကလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

          ဒီလိုအခြေအနေများကြောင့်  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်-

    1. ဒီဇင်ဘာ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ၈ ရက်တာ ကာလအတွင်း 92 Ron ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊  HSD ဂါလန် ၆ သန်း ကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။
    2. တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိ န်း ၁ သောင်းကျော်၊  HSD ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း ၉ သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။
    3. အထူးသဖြင့် ယခုရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာဖွင့်လှစ်ထားတဲ့ လိုင်စင်ရ အရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူးပေးနေမှုပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်းကျော်၊  HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေးခဲ့ရတာဖြစ်ပါတယ်။

          အခုလိုစက်သုံးဆီ ပုံမှန်ဝယ်ယူသုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခုရက် ပိုင်းအတွင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေအပြင် အချို့တိုင်းဒေသကြီး ပြည်နယ်များမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင် တွေမှာလည်း ကားတွေ ဆိုင်ကယ်တွေ အများကြီးတန်းစီပြီး စက်သုံးဆီဝယ်ယူနေကြတာကြောင့် ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်ကျော်လွန်တဲ့ အရောင်းဆိုင်အချို့ရှိ ဆီအမျိုးအစားအချို့မှာ ဆီဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်း ရပ်ဆိုင်း ထားရတဲ့အခြေအနေမျိုးတွေ ရှိပေမယ့်လည်း အချိန်မီ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။

          ကျွန်တော့အနေနဲ့ ပြောကြားချင်တာကတော့ စက်သုံးဆီများကို လိုအပ်တာထက် ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းမျိုး ပြုလုပ်ရန်အတွက် အခေါက် ခေါက်တန်းစီဝယ်ယူတာမျိုးမပြုကြဖို့နဲ့ မိမိတို့လိုအပ်သလောက်ကိုသာ စိတ်အေး ချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလိုပါတယ်။

          အဲဒီလို တရားမဝင် သိုလှောင်ထားခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခြင်းဟာ ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန် စိုးရိမ်စရာဖြစ်တဲ့အတွက်ကြောင့် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံ ပြောကြား လိုပါတယ်။

 

မေး။   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးများကို တိုင်းနဲ့ပြည်နယ်မြို့တော်များအလိုက် ထုတ်ပြန်နေတာ တွေ့ရပါတယ်။ လက်ရှိ စက်သုံးဆီဈေးနှုန်း အခြေအနေကို ရှင်းပြပေးပါ။

          ပြည်တွင်းစက်သုံးဆီရောင်းဈေး အတက်/အကျက ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်း တဲ့စင်္ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မှာပဲ မူတည်ပြီး အမြဲ အပြောင်းအလဲဖြစ်ပေါ်တာဖြစ်ပါတယ်။

          ယခုအပါတ်မှာဆိုရင် ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်္ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကျဆင်းမှုကြောင့် ယခင်အပါတ်ထက်စာရင် တစ်လီတာအပေါ် ဓာတ်ဆီ 92 Ron ဟာ ၄၅ မှ ၅၀ ကျပ်အထိ၊ 95 Ron ဟာ ၆၅ မှ ၇၀ ကျပ်အထိ၊ HSD (50 ppm) နှင့် HSD (10 ppm) သည် ၃၅ မှ ၄၀ ကျပ်အထိကျဆင်းခဲ့ပါတယ်။ HSD (500 ppm) သာ တစ်လီတာ ၅ ကျပ်အထိ မြင့်တက်မှုဖြစ်ပေါ်ခဲ့ပါတယ်။

          နိုင်ငံတွင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေး လုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာ စွာဖြင့်သုံးစွဲနိုင်ရန် နိုင်ငံတော်အနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါ တယ်။

          ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းများအနေနဲ့  အာဆီယံဒေသတွင်းနိုင်ငံများမှာ ဓာတ်ဆီဟာ စင်္ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ထက်များစွာ လျော့နည်းသက်သာနေပြီး ဒီဇယ်ဟာဆိုရင်တော့ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား တို့ထက်များစွာ လျော့နည်းသက်သာနေတာကို နှိုင်းယှဉ်တွေ့ရှိရမှာဖြစ်ပါတယ်။

 

မေး။   စက်သုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်ကို ရှင်းပြပေးပါ။

ဖြေ။    ပြည်ပမှ တင်သွင်းရောက်ရှိလာတဲ့ စက်သုံးဆီများကို သီလဝါဆိပ်ကမ်းဒေသရှိ သက်ဆိုင်ရာ သိုလှောင်ကန်စခန်းများမှာ စက်သုံးဆီအမျိုးအစားအလိုက် သိုလှောင်ပြီး  မြန်မာနိုင်ငံ စက်သုံး ဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း MPTA ၏ စီမံခန့်ခွဲမှုဖြင့် အများပြည်သူသုံးစွဲနိုင်ရန် အတွက် နိုင်ငံတစ်ဝှမ်းရှိ အရောင်းဆိုင်များနှင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊  စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဆက်သွယ် ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းကဏ္ဍများအတွက် သုံးစွဲရန် စက်သုံးဆီများကို စနစ်တကျဖြန့်ဖြူးပေးပါတယ်။ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းများအပါအဝင် ရေကြောင်းဖြင့်  စက်သုံးဆီသယ်ယူပို့ဆောင်ခြင်း၊ ဆီတင်ယာဉ်ဘောက်ဆာဖြင့် သယ်ယူပို့ဆောင်ခြင်း၊ လုပ်ငန်း စဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် စက်သုံးဆီအဓိကဖြန့်ဖြူး ပေးနေတဲ့ သီလဝါဆိပ်ကမ်း ဒေသ သိုလှောင်ကန်စခန်း ၈ ခုမှာ တစ်နေ့လျှင် ဘောက်ဆာ အစီးရေ ၁၅၀၀ မှ ၁၈၀၀ ကြား ဝင်ထွက်ပြီး လုပ်ငန်းများဆောင်ရွက်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ သိုလှောင်ကန်မှ ဘောက်ဆာသို့ ဆီဖြည့်တင်းခြင်းလုပ်ငန်းများကိုလည်း အဆင်ပြေချောမွေ့ မြန်ဆန်စွာ လုပ်ငန်းပြီးမြောက်နိုင်ဖို့နဲ့ လောင်စာဆီဖြည့်တင်းခြင်း ဖြစ်တာကြောင့် မီးဘေး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးနိုင်ဖို့အတွက် စက်သုံးဆီ ဖြည့်တင်းရေးဝန်ထမ်းများအား နိုးဆော်ကြပ်မတ်ခြင်း၊ စနစ်တကျကြီးကြပ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါတယ်။

 

မေး။   စက်သုံးဆီတင်သွင်းမှုလုပ်ငန်းစဉ်ကို ရှင်းပြပေးပါ။

ဖြေ။    ပြည်တွင်းသုံးစွဲမှုပမာဏရဲ့ ၉၀% ကျော်ဟာ အဓိကစင်္ကာပူနိုင်ငံကနေ အချိန်နဲ့တစ်ပြေးညီ ဝယ်ယူတင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တစ်လပျမ်းမျှ ၅.၀ မက်ထရစ်တန်သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။

          လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့ လိုအပ်တဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပမာဏကို တွက်ချက်ပြီး အဲဒီပမာဏတွေအတိုင်း သင်္ဘောများကို ခန့်မှန်းရောက်ရှိလာမည့် အချိန်၊ ဆိုက်ကပ်ရမယ် Jetty များ၏အခြေအနေ၊ Terminal များရဲ့ သိုလှောင်နိုင်မှု ပမာဏများ၊ ဘောက်ဆာများ ဝင်/ထွက် ထုတ်ယူဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပမှနိုင်ငံမှ ဆီတင်ယာဉ် သင်္ဘောများအတွက် Shipment Plan ကို ရေးဆွဲ တင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်များအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများရဲ့ အလိုက် လိုအပ်ချက်တွေကိုလည်း ထည့်သွင်းသုံးသပ်ရေးဆွဲပြီး တင်သွင်းနေတာဖြစ်ပါတယ်။

 

မေး။   တင်သွင်းမှုနဲ့ တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုအခြေအနေကို ရှင်းပြပေးပါ။

ဖြေ။    ၈-၁၂-၂၀၂၃ ရက်နေ့အထိ သီလဝါသိုလှောင်ကန်စခန်းများ၊ ကျန်အခြားဒေသများရှိ သိုလှောင် ကန်စခန်းများမှာ စက်သုံးဆီလက်ကျန်အခြေအနေနဲ့ ပြည်တွင်းလမ်းခရီးသယ်ယူပို့ဆောင်နေ မှုများအပါအဝင် သီလဝါဒေသ Jetty များမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ၆ စီး၊ ပင်လယ်ဝ Pilot Station မှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ၉ စီး၊ စင်္ကာပူကနေ ဆီတင်ပြီးထွက်လာတဲ့ ဆီတင်သင်္ဘော ၁ စီး၊ စုစုပေါင်း ၁၆ စီး ရှိတာကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများ ပြည်သူများအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာမလိုကြောင်း သတင်းပါလိုပါတယ်။ ဒီအပြင် နောက်ထပ် ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပမှ ဆီတင်သင်္ဘော ၂၇ စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier များနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်။

 

မေး။   ခုတစ်လော ပြန့်နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလဟာလ သတင်းများနဲ့ ပါတ်သက်ပြီးပြည်သူလူထုက စိုးရိမ်မှုမြင့်တက်နေမှုအပေါ် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ မည်သည့်သတင်းစကားပါးလိုပါသလဲ?

ဖြေ။    လိုရင်းတိုရှင်းပြောရမယ်ဆိုရင် စက်သုံးဆီသိုလှောင်ကန်စခန်းတွေမှာရှိတဲ့ စက်သုံးဆီများကို ဆီသယ်ယာဉ်ဘောက်ဆာများနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် ခုတစ်လော ပြန့်နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလဟာလသတင်းတွေ မှန်ကန်မှုမရှိကြောင်း ပြောကြား လိုပါတယ်။ လက်ရှိအနေနဲ့ ပြည်ပက မှာယူထားတဲ့ ဆီတင်သင်္ဘောများအနေနဲ့ သီလဝါ ဆိပ်ကမ်းမှာ ၆ စီးဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄,၃၁၉ ကျော်၊ ဒီဇယ်ဆီ တန်ချိန် ၅၃,၃၁၅ ကျော်ကို သက်ဆိုင်ရာသိုလှောင်ကန်များသို့ ချယူနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝမှာ အသင့်ရောက်ရှိနေတဲ့ ဓါတ်ဆီ တန်ချိန် ၆၇,၇၃၇ ကျော်၊ ဒီဇယ်ဆီ ၆၅,၃၅၉ ကျော် သယ်ဆောင်လာတဲ့ သင်္ဘော ၉ စီးလည်း သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်း လျက်ရှိပါတယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီများကို ဆီတင်သင်္ဘောများပေါ်သို့ တင်ဆောင်ဖြည့်တင်းလျက်ရှိတဲ့အပြင်  ဆီဖြည့်တင်းပြီး လာရောက်ဆဲ ဆီတင်သင်္ဘောများလည်းရှိပါကြောင်းနဲ့ မြန်မာနိုင်ငံအတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင် သင်္ဘောများသို့တင်ဆောင်ခြင်း၊ လမ်းခရီးသယ်ယူခြင်း၊ မြန်မာနိုင်ငံပင်လယ်ဝမှာ အသင့်စောင့် ဆိုင်းခြင်းနဲ့ ဆိပ်ကမ်းများမှာ ဆိုက်ကပ်ချယူခြင်းလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိနေတယ်ဆို တာကိုလည်း အသိပေးလိုပါတယ်။ ဒါကြောင့် အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီ ဆိုတဲ့ ကောလဟာလ သတင်းများအပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီအရောင်းဆိုင်များမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြဖို့အသိပေးလိုပါတယ်။ ဒါမှသာ ယခုလို အရောင်း ဆိုင်တွေမှာ ကားများတန်းစီပြီး ဝယ်ယူတဲ့အတွက် ကုန်ဆုံးရတဲ့အချိန်များလည်း သက်သာမှာ ဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေး လိုတာကတော့ ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန်လိုအပ်သည့် လုပ်ငန်းသို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာ လိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားပါသဖြင့် စက်သုံးဆီများအား လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အနည်းဆုံး ဒဏ်ငွေကျပ် ၃ သိန်းမှ အများဆုံး ဒါဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံး စီရင်ခြင်းခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေလာတိုးပြီးဝယ်၍ အပြင်မှာစုပြီး လိုင်စင်မဲ့ရောင်းချခြင်း၊ နေအိမ်၊ ခြံဝင်း များနှင့် မည်သည့်နေရာမဆို လိုင်စင်မဲ့ရောင်းချခြင်းများအား စစ်ဆေးကြပ်မတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီများကို အများပြည်သူကြားမှာ လိုင်စင်မဲ့ ရောင်းချနေခြင်းဟာ မီးဘေးအန္တရာယ်အထူးစိုးရိမ်ရတာကြောင့် အများ ပြည်သူအနေဖြင့်လည်း သက်ဆိုင်ရာဌာနများသို့ သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

          အခုလို ပျံ့နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလဟာလသတင်းများနှင့်ပတ်သက်ပြီး ကျွန်တော်တို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေတဲ့အခြေအနေမှန်ကို အများ ပြည်သူသိရှိအောင် ရှင်းလင်းပြောကြားခွင့်ရရှိတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

 

Other News