News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV တို့ တွေ့ဆုံဆွေးနွေးသည့်သတင်း

12th Oct 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့

 

          (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက် ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၊ စွမ်းအင်ဝန်ကြီး မစ္စတာ နီကိုလေ ရှိုဂီနော့ (Mr. Nikolay SHULGINOV) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံ ဆွေးနွေးပွဲသို့ ဒုတိယ စွမ်းအင်ဝန်ကြီး မစ္စတာ ဆာဂျေး မီချောနစ်ကာ့ (Mr. Sergey MOCHALNIKOV)၊ နှင့် ရုရှားနိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော INTER RAO Export ၊ Zarubezhneft ၊ JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၊ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV က (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့ တက်ရောက်လာ သဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြု လုပ်နိုင်ရန် လိုအပ်သည့်အချက်အလက်များပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ယခု စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ၍ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးလိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် INTER RGO Export ကုမ္ပဏီ နှင့်ပူး‌ပေါင်းဆောင်ရွက်လိုပါက မိမိတို့ ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ ရေနံဓာတုဗေဒလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ယခင်နှစ်ကကျင်းပခဲ့သည့် စွမ်းအင်ဖိုရမ်တွင်လည်း ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပ လျက်ရှိသည် ဖိုရမ်တွင်လည်း စွမ်းအင်နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသွားရန် ရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းများ၊ Digital Geological Map ရေးဆွဲနိုင်ရေးလုပ်ငန်းများတွင်လည်း မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင်  ကာဇက်စတန်နိုင်ငံ တွင်ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ်စွမ်းအင်ဖိုရမ်၌ တွေ့ဆုံ မိတ်ဆက်ခဲ့ပြီး ယခုထပ်မံတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရုရှားနိုင်ငံနှင့်ရင်းနှီးပြီးဖြစ် သကဲ့သို့ ရုရှားနိုင်ငံသားမိတ်ဆွေများအများအပြားရှိပြီး ယခုစွမ်းအင်နယ်ပယ်တွင်လည်း မိတ်ဆွေများ ထပ်မံတိုးပွားလာပါကြောင်း၊ မိမိသည် ရုရှားနိုင်ငံမှ တည်ဆောက်ပေးထားသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပါကြောင်း၊ ကျောင်းသားဘဝကတည်းက ရုရှားနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရပါကြောင်း၊ ယခုခရီးစဉ်တွင်လည်း Roscongress Investment (RCI) နှင့် ROSGEO အဖွဲ့တို့နှင့် တွေ့ဆုံဆွေးခဲ့ပြီးဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကိုအခြေခံ၍ လက်တွေ့နယ်ပယ် တွင် အမှန်တကယ်ပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်အနေဖြင့် အကူအညီပေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊ ယနေ့နိုင်ငံတကာ၌ စွမ်းအင် သည် အဓိကကျသောအခန်းကဏ္ဍတွင်ရောက်ရှိနေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝပြည့်စုံစေရေး အတွက် စွမ်းအင်ဖူလုံမှုသည်အရေးကြီးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရေရှည် စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းအင်လိုအပ်ချက် ဖူလုံရေးကို သေချာစေရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် လိုအပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီတို့ကို မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်ရန်မျှော်လင့် ပါကြောင်း၊ စွမ်းအင်ဖူလုံရေးကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် တစ်ဖက်မှလည်း သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယနေ့ ကမ္ဘာနိုင်ငံအသီးသီးတွင်လည်း Green Technology Development ကိုဆောင်ရွက်ကြရာတွင် နိုင်ငံ၏ ဓနအင်အား၊ နည်းပညာအရင်းအမြစ်ဖွံ့ဖြိုးမှုများနှင့် စွမ်းအင်လိုအပ်ချက်ကိုချိန်ညှိ၍ ဆောင်ရွက်နေကြ သည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း Electric Vehicle များ အသုံးပြုလာစေရန်အတွက် အားပေးအားမြှောက်ပြုပြီး Renewable Energy များဖြစ်သည့် Solar Energy၊ Wind Power Energy များအသုံးပြုရန်အတွက်လည်း စီမံဆောင်ရွက်ခြင်းတို့ပြုလုပ် နေပါကြောင်း၊ တစ်ဖက်မှလည်း စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် သမားရိုးကျနည်းလမ်း များဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက်အရေး ပါသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် အဆွေတော်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရန် မျှော်လင့်ပါကြောင်း၊  Petroleum Geology၊ Geophysics၊ Gas ChemistryPetrochemical၊ Petroleum Engineering ဘာသာရပ်များအား Projects Based ပုံစံဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့ရုရှားနိုင်ငံတွင်ရှိနေစဉ်အတွင်း စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စက်ရုံများအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက် နိုင်ရန်အတွက် အဆွေတော်အနေဖြင့် ကူညီပေးပါရန်ပြောကြားလိုပါကြောင်း စသည်ဖြင့်ဆွေးနွေး ပြောကြား ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News