News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၊ မော်စကိုမြို့ရှိ Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွား ရောက်လေ့လာသည့်သတင်း

13th Oct 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့

 

          (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက် ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၊ မော်စကိုမြို့ရှိ Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွား ရောက်လေ့လာခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Moscow Oil Refinery သို့ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမ၌ Gazprom ကုမ္ပဏီတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ပြီး စက်သုံးဆီအမျိုးမျိုးထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ရန်နှင့် လက်ရှိစက်ရုံများအား အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံချက်စက်ရုံအသစ်တည်ဆောက်ရာတွင် Petrochemical Complex အဆင့်အထိတည်ဆောက်၍ ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်သွား ရန် ရည်မှန်းဆောင်ရွက်နေပါကြောင်း၊ ရေနံချက်စက်ရုံများနှင့်ပတ်သက်သည့် နည်းပညာအကူအညီ များ ပံ့ပိုးပေးစေလိုပါကြောင်း၊ Gazprom ကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများတွင်ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိနေပါကြောင်း၊ ‌ရေနံချက်စက်ရုံတည်ဆောက်ခြင်းနည်းပညာနှင့် ရေနံချက် လုပ်ခြင်း နည်းပညာများကို သင်တန်းများ ဖွင့်လှစ်ပို့ချပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဖြေကြား ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ Control Room ၊ ဓာတ်ခွဲခန်းနှင့် Green Area တို့သို့သွားရောက်၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များတို့အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါသည်။

          ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၊ မော်စကိုမြို့ရှိ Moscow Oil Refinery ကို ၁၉၃၈ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး စက်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက်အဆင့်ဆင့် ဆောင်ရွက် ခဲ့ရာ ယခု အခါ တစ်နှစ်လျှင် ရေနံစိမ်း ၁၂.၅ မက်ထရစ်တန်သန်းခန့်ချက်လုပ်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ရေနံချက်စက်ရုံတစ်ရုံအဖြစ် အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထွက်ပစ္စည်း အမျိုးအမယ် ပေါင်း ၃၀ ကျော်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ စက်ရုံသည် ကုန်ကြမ်းပမာဏ၏ ၉၉.၅ ရာခိုင်နှုန်းအထိ ကုန်ချောထုတ်လုပ်နိုင်ပြီး ရေနံချက်လုပ်ခြင်းများကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများကိုလျှော့ချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Other News