စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ခုနှစ် မှ ၂၀၂၅ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတက်လာစေရေး ဆောင်ရွက်နိုင်ခဲ့မှုအား သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့နံနက်ပိုင်း ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ၅ နှစ်တာကာလအတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ရှာဖွေတူးဖော်ရေးကဏ္ဍ၊ သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများနှင့်ပို့လွှတ်ရာတွင် လေလွင့် ဆုံးရှုံးမှုလျော့နည်းမှုမရှိစေရေးအတွက် ကြပ်မတ်ထိန်းသိမ်းပြုပြင်မှုကဏ္ဍ၊ ရေနံထွက်ပစ္စည်းများ ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရေးအတွက် စက်ရုံများပြင်ဆင်ထိန်းသိမ်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အသစ် တည်ဆောက်ခြင်းကဏ္ဍ၊ ရေနံထွက်ပစ္စည်းများ တင်သွင်းရောင်းချသည့်လုပ်ငန်းစဉ်တစ်လျှောက် စစ်ဆေးကြပ်မတ်သည့်ကဏ္ဍတို့တွင် အစီအမံများချမှတ်၍ တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လက်တွေ့နယ်ပယ်တွင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်းသည့် နယ်ပယ်အသီးသီးတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ခဲ့သဖြင့် အထွက်တိုးလာခဲ့သည့်အပြင် ခေတ်မီနည်းပညာများအသုံးပြုနိုင်ရေးအတွက် အခြေခံကောင်းများချမှတ်နိုင်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်အတတ်ပညာများ ဝင်ရောက်လာစေရေး အတွက် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ၊ စွမ်းအင်ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြ သည့် နိုင်ငံတကာမှအကြီးအကဲများနှင့် ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးများ တည်ဆောက်ပြီး ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာစေရေးအတွက် အဆုံးအဖြတ်ပေးနိုင်သည့် စာချုပ်စာတမ်းများကိုလည်း နိုင်ငံတော်နစ်နာမှုမရှိစေရေးအတွက် တာဝန်ယူချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ မြန်မာ့စွမ်းအင်သမိုင်းကြောင်းကို သိရှိစေရေးနှင့် ဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ အစီအမံများကို ပြည်သူများသိရှိနားလည်စေခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် လာစေရန်ရည်ရွယ်၍ စွမ်းအင်ပြတိုက်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ စွမ်းအင်စီမံကိန်းများ သည် ဆယ်စုနှစ်နှင့်ချီ၍ ဆောင်ရွက်ရသည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များကိုလည်း အချိန်ကိုက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်လည်း အစီအမံများချမှတ်ထားပြီးဖြစ်ရာ စိတ်အားထက်သန်စွာဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို သင်ခန်းစာ ရယူပြီး အောင်မြင်သည့် အနာဂတ်ကို ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စက်ရုံ၊ ရေနံမြေ၊ လုပ်ငန်းနှင့် စခန်းများမှ အရာထမ်းအမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။