စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ရေနံမြေတွင် သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုပြီး
ဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း
နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နေ့တွင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ရေနံမြေသို့ သွားရောက်၍ သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ရှင်းလင်းဆောင်တွင် ပြည်ရေနံမြေ အထွေထွေမန်နေဂျာမှ ပြည်ရေနံမြေနှင့် ပန်းတောင်း ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးစေရေး သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ တွင်းအမှတ် ၄၈ အား သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာမှုအခြေအနေများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ ပြည်၊ မြန်အောင်နှင့်ရွှေပြည်သာ ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးအတွက် နည်းပညာများအသုံးပြု၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ၁၉၆၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သည့် ပြည်ရေနံမြေဒေသသည် အစဉ်အလာ ကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ၂ မျိုးလုံး ထွက်ရှိသည့် တန်ဖိုးရှိသည့် ရေနံမြေတစ်ခုဖြစ်သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့် နေပြီဖြစ်ပါကြောင်း၊ ပြည်၊ မြန်အောင်နှင့်ရွှေပြည်သာရေနံမြေများသည် ပြည်အနည်ကျချိုင့်ဝှမ်းအတွင်း တည်ရှိပြီး ယခုအခါ အထွက်တိုးရေးလုပ်ငန်းများအား ခေတ်မီနည်းပညာများ အသုံးပြု၍လည်းကောင်း၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း သုတေသနလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း၊ လက်ရှိပြည်ရေနံမြေရှိ တွင်းအမှတ် ၄၈ ၏ သဲကြောများကိုဆန်းစစ်ပြီး သုတေသနပြု လုပ်၍ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ရာ ရန်ကုန်သို့ပို့လွှတ်သည့် ပိုက်လိုင်းအတွင်း ဖြည့်သွင်းပေးနေပါကြောင်း၊ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်၊ ရွှေတောင်ဒေသရှိ စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ သီးသန့်ပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ပိုမို၍ကြိုးပမ်းကြစေလိုပါကြောင်း၊ နိုင်ငံတကာတွင်အသုံးပြုနေသည့် တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာများကို အသုံးပြုပြီး ရှာဖွေခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြမည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လက်တွေ့လေ့လာ သင်ယူခွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ရရှိနိုင်မည့်အခွင့်အရေးများကို ကောင်းမွန်စွာ အသုံးချပြီး မိမိတို့၏အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုခဲ့ပြီး ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။