စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(ဓနိတော)အား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံသစ်တည်ဆောက်နေမှု၊ စက်ပစ္စည်းများရောက်ရှိတပ်ဆင် နေမှုအခြေအနေများကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန် ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ အား သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် တာဝန် ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး နှင့်စီးပွားရေးတွက်ချေကိုက်စေရေးအတွက် Waste များကို Product များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ရာမှ Waste အဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ဖမ်းယူ၍ ရေခဲခြောက်များ (Dry Ice) ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် Dry Ice တင်သွင်းနေရသည့် နိုင်ငံခြားငွေများ သက်သာသွားမည်ဖြစ်ရာ လိုအပ်သည့် စက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခု စီမံကိန်းပြီးစီးပါက စီမံကိန်းအပိုင်း(၂) ကိုလည်း တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက် နေပါကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် ၂ သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်တွင်းစက်မောင်းဆီ လိုအပ်ချက်အား ဖူလုံစွာဖြည့်ဆည်းပေး နိုင်မည် ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံသစ်တည်ဆောက်နေမှု၊ စက်ပစ္စည်းများတပ်ဆင်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် နိုင်ငံခြားသားပညာရှင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စွမ်းအင်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုကြသည့် ကျောင်းသား/ကျောင်းသူများ၊ ပြတိုက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး(ဓနိတော)တွင် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စက်မောင်းဆီများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမရှိသေးသည့်ကာလအတွင်း ပြည်ပမှ မှာယူတင်သွင်းရာတွင် အရည်အသွေး၊ အရေအတွက် မှန်ကန်မှုရှိစေရန်အတွက် Terminal များ၊ ဆီသယ်ယာဉ်များအား စံနှုန်း တိုင်းရေချိန်စင်များဖြင့် စစ်ဆေးခြင်း၊ သယ်ဆောင်ခွင့်ပြုသည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့အား အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဆီသယ်ယာဉ်များ၏ ဝင်ဆံ့မှု စံနှုန်းအား သတ်မှတ်ပေးရာတွင် နိုင်ငံတကာသတ်မှတ်စံနှုန်းဖြစ်သည့် လီတာစနစ်သို့ ပြောင်းလဲသတ်မှတ် သွားရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။