News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နည်းပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံခြင်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ) သို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

22nd Jan 2026

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်  နည်းပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံခြင်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ) သို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

                                            ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

          စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးတွင် အင်ဂျင်နီယာများသည် ဦးဆောင်ဦးရွက်ပြုရမည့်သူများဖြစ်ပါကြောင်း၊  အင်ဂျင်နီယာပညာဆိုသည်မှာ သိပ္ပံပညာ၊ သင်္ချာ ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်အတွက် ပြုပြင်ဖန်တီးယူခြင်း (Creation) ပင်ဖြစ်ပါကြောင်း၊ ယင်းသို့တီထွင်ဖန်တီး၍ လူသားတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ကမ္ဘာကြီး တိုးတက်ပြောင်းလဲလာစေရေးအတွက် အင်ဂျင်နီယာများက ဆောင်ရွက်နေခြင်းပင် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများသည် အသိပညာ၊ အတတ်ပညာများ တတ်ကျွမ်းရမည်ဖြစ်သည့်အပြင် ကျင့်ဝတ် သိက္ခာစံနှုန်းများ၊ အင်ဂျင်နီယာကျင့်ဝတ်များကိုလည်း စောင့်ထိန်းရန် တာဝန်ရှိပါကြောင်း၊ ယင်းသို့ မိမိတို့ ကိုယ်ကို ပြုပြင်တည်ဆောက်၍ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ကွန်ယက်များတည်ဆောက်ပြုပြင်ခြင်း၊ ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရေးအတွက် ရေနံ ချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအကျဆုံးဖြစ် သဖြင့် မျိုးဆက်သစ်အင်ဂျင်နီယာများ စိတ်ပါဝင်စား၍ လိုက်ပါဆောင်ရွက်လာစေရန်နှင့် စွမ်းဆောင် ရည်မြှင့်တင်နိုင်စေရန်အတွက် အားပေးအားမြှောက်ပြုလျက်ရှိပါကြောင်း၊ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းကျောင်းကိုလည်း မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ စွမ်းအင်ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ပညာရပ်များ၊ သင်တန်းများလည်း စေလွှတ်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ကြား လျက်ရှိသည့် ဘာသာ ရပ်များအလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံတော်ကိုအကျိုးပြုနိုင် သည့် အင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြပါစေကြောင်း  ပြောကြားခဲ့ပြီး နည်းပညာ တက္ကသိုလ် (သန်လျင်)မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများအား စာကြည့် တိုက်၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပြီး ပါမောက္ခချုပ်နှင့် ဧည့်ပါမောက္ခများ အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေနံအင်ဂျင်နီယာဌာနရှိ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းနှင့် ဓာတုအင်ဂျင်နီယာဌာနရှိ ဓာတ်ခွဲခန်းတို့အား သွားရောက်လေ့လာကြည့်ရှု၍ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အားပေး စကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက် ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ရောက်ရှိရာ အထွေထွေမန်နေဂျာက ဘဏ္ဍာရေးနှစ် အလိုက် အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရေယာဉ်နှင့် ရေလုံသင်္ဘောကျင်းလုပ် ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများတွင် ပြုပြင်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံနှုန်းများပြည့်မီစေရေး၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ စခန်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်ရေး၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းလွန်ရေနံအခြေစိုက် စခန်း (သာကေတ)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

Other News