၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်
စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်ရန် နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စက်သုံးဆီများကို ပြည်ပမှဝယ်ယူတင်သွင်းနေရလျက်ရှိရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) အဆင်ပြေချောမွေ့မှုရှိစေရေးတို့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြပ် မတ်ဆောင်ရွက်လျက်ရှိပါသည်။
၂၆.၁.၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ Tanker ဖြင့် ရောက်ရှိ လာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ်ခွဲခန်းတွင် အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ရာ စမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာသည့် ရိုးရိုးဒီဇယ်ဆီ(HSD 500 PPM) သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးစွဲသူပြည်သူများ နစ်နာမှု မရှိစေရေး ဆီချခွင့် မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ပါသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် စိစစ်ထိန်းကြောင်းကြပ်မတ် ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ထုတ်လုပ် ၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော စက်ဆီချောဆီများ၏ အရည်အသွေးကိုက် ညီမှန်ကန်မှုရှိစေရေးတို့ကိုလည်း ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရ ရှိပါသည်။