News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၏ အရည်အသွေးမှန်ကန်မှုရှိစေရေး ကြည့်ရှုစစ်ဆေး

14th Feb 2026

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

စက်ဆီချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၏

အရည်အသွေးမှန်ကန်မှုရှိစေရေး ကြည့်ရှုစစ်ဆေး

၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

           စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီ ချောဆီ ရောစပ်စက်ရုံနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီ ချောဆီ ရောစပ်စက်ရုံများသို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် သွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီ ရောစပ် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအသီးသီးမှ တာဝန်ရှိသူများက ပြည်ပမှ စက်မှု ကုန်ကြမ်း တင်သွင်း၍ ပြည်တွင်း၌လိုအပ်နေသော စက်ဆီ ချောဆီ အမျိုးမျိုး ရောစပ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှု၊ စက်ဆီ ချောဆီ အမျိုးအစား များအလိုက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ရယူဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ဆီချောဆီ အရည်အသွေး မပြည့်မီမှုသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်း ဆောင်ရည်နှင့် ရေရှည်အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာရှိလာမည်ဖြစ်သဖြင့် စက်ဆီချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများ မှာယူရာတွင် အရည်အသွေး မှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျ စာချုပ် ချုပ်ဆိုဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား စနစ်တကျ သိုလှောင်ခြင်း၊ ရောစပ်ထုတ်လုပ် ရာတွင် အတည်ပြုထားသော Formula နှင့်အညီထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့် ကုန်ချောများ၏ အရည်အသွေး တစ်သမတ်တည်းဖြစ်စေရေး စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ဓာတ်ခွဲခန်းတွင် အလေးထား စစ်ဆေးကြသည့်အတွက် ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ၏ အရည်အသွေးနှင့် စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အရည်အသွေးပြည့်မီသော စက်ဆီ ချောဆီ များကို သုံးစွဲသူပြည်သူများလက်ဝယ်သို့ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲသူပြည်သူများ အာမခံချက် ရှိစေရေးအတွက် ကုန်ချောများအပေါ် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့်ကုန်ပစ္စည်း များအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံ တကာအသိအမှတ်ပြု လက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင် အမြင်တင့်တယ် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာ ကြားခဲ့ပြီး စက်ရုံများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

Other News