စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်အား အများပြည်သူများ လာရောက်လေ့လာကြည့်ရှု
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝန်းအတွင်းတွင် စွမ်းအင် ဝန်ကြီးဌာန နှစ်(၄၀)ပြည့်ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် အနေဖြင့် စွမ်းအင်ပြတိုက်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ တနင်္လာနေ့မှအပ၊ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။
ယခုအခါ အဆိုပါစွမ်းအင်ပြတိုက်သို့ တပ်မတော်မှအငြိမ်းစားအရာရှိကြီးများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ သန်လျင်မြို့နေ ပြည်သူများ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်မြို့နှင့် သန်လျင်မြို့ရှိ စိတ်ပါဝင်စားသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစား ဝန်ထမ်းများ၊ သန်လျင်စက်ရုံမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ လာရောက်လေ့လာကြည့်ရှုကြရာ ပြတိုက်မှတာဝန်ရှိ သူများက ရှင်းလင်းပြသကြပါသည်။
စွမ်းအင်ပြတိုက်တွင် မြန်မာ့စွမ်းအင်ကဏ္ဍ၏သမိုင်းကြောင်းများကိုသိရှိစေရန်၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် သိရှိ လေ့လာနိုင်ရန်ရည်ရွယ်၍ ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ကာလအထိ ခေတ်အလိုက်စုစည်းပြသထားသော ပြကွက်များ၊ သမိုင်းကြောင်းများ၊ အထောက်အထားစာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင် ပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရေနံတူးဖော်ထုတ်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက်များနှင့် သန်လျင် ရေနံချက် စက်ရုံရာပြည့် အထိမ်းအမှတ်ပြခန်းများ၊ စက်ရုံပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်ပြခန်းများကို ရုပ်လုံးရုပ်ကြွပုံစံငယ်များဖြင့် စနစ်တကျ ခင်းကျင်းပြသထားလျက်ရှိရာ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။