စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် ဖွင့်လှစ်ခဲ့သည့် စွမ်းအင်ပြတိုက်အား အများပြည်သူများ လာရောက်လေ့လာကြည့်ရှုမှုများပြား
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝန်းအတွင်းတွင် စွမ်းအင် ဝန်ကြီးဌာန နှစ်(၄၀)ပြည့်ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်း အမှတ် အနေဖြင့် စွမ်းအင်ပြတိုက်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ တနင်္လာနေ့မှ အပ၊ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။
ယခုအခါ အဆိုပါစွမ်းအင်ပြတိုက် ဖွင့်လှစ်သည့်နေ့မှစ၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(သန်လျင်)နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ရန်ကုန်မြို့နှင့် သန်လျင်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ သီလဝါအထူး စီးပွားရေးဇုန်ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှ နိုင်ငံခြားသား လုပ်ငန်းရှင်များ၊ တပ်မတော်မှအငြိမ်းစား အရာရှိကြီးများနှင့် စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစား ဝန်ထမ်းများ လာရောက်လေ့လာကြည့်ရှုကြရာ ပြတိုက်မှတာဝန်ရှိသူများက ရှင်းလင်းပြသကြပါသည်။
စွမ်းအင်ပြတိုက်တွင် မြန်မာ့စွမ်းအင်ကဏ္ဍ၏ သမိုင်းကြောင်းများကိုသိရှိစေရန်၊ စွမ်းအင် ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာ တည်းတွင် သိရှိလေ့လာနိုင်ရန်ရည်ရွယ်၍ ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ကာလအထိ ခေတ်အလိုက် စုစည်းပြသထားသော ပြကွက်များ၊ သမိုင်းကြောင်းများ၊ အထောက်အထား စာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်း စဉ်များ၊ ရေနံတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက်များနှင့် သန်လျင်ရေနံချက် စက်ရုံရာပြည့် အထိမ်းအမှတ်ပြခန်းများ၊ စက်ရုံပုံစံ ငယ်များ၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ပြခန်း များကို ရုပ်လုံးရုပ်ကြွပုံစံငယ်များဖြင့် စနစ်တကျ ခင်းကျင်းပြသထားလျက်ရှိပါသည်။ အဆိုပါ စွမ်းအင်ပြတိုက်သို့ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အချိန်ထိ စိတ်ပါဝင်စားပြီး လာရောက် လေ့လာကြည့်ရှုသူဦးရေ ၁၂၈၇ ဦးခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။