နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေလ ၄ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဌ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝ ဓာတ်ငွေ့မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေတို့သို့သွားရောက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် မေလ ၃ ရက်နေ့တွင် အဖျောက် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှတာဝန်ရှိသူများက အဖျောက်သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများအား ပြန်လည်လေ့လာတွက်ချက်သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးချုပ်က သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် စွမ်းအင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြားသောရေနံနှင့်သဘာဝဓာတ်ငွေ့မြေ များတွင်လည်း ယခုလိုရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်းလိုပါ ကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများကို ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများအသုံးပြုပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့မှ ရေနံမြေဝန်ထမ်း များအားစားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ သည့် တွင်းအမှတ် (၅၆) ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၄ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင် (တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့ မြေ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နိုင်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်း အခြေအနေများ၊ တွင်းသစ်တူးဖော်နိုင်ရေးစီမံဆောင်ရွက်ထားမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေမှု အခြေအနေများအားရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးချုပ်က ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းသည် အရင်းအနှီး ကြီးမားပြီးစွန့်စားရမှုလည်းမြင့်မားပါကြောင်း၊ အနာဂတ်ကာလများတွင် MSME လုပ်ငန်းများ အပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်သည် မလွဲမသွေမြင့်တက် လာမည်ဖြစ်၍ တိုးမြင့်လာမည့်သဘာဝဓာတ်ငွေ့လိုအပ်ချက်ကိုကြိုတင်မျှော်မှန်း၍ ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး နှစ်အလိုက်အကောင်အထည်ဖော်မည့်အစီအမံများပြုလုပ်၍ဆောင်ရွက်ကြရန် လိုကြောင်း၊ သက်တမ်းရင့်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများရှိ တွင်းဟောင်းများမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်သလို တွင်းသစ်များတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များရှာဖွေ ဖော်ထုတ်ခြင်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တို့မှ ရေနံမြေဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၀) နှင့် (၁၃) တို့အား သွားရောက်၍ လေဆီ (Condensate) နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ရှိ စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးချုပ်က တိုင်းတာရရှိလာသည့်ဆိုက်စမစ်အချက်အလက်များကို Processing ၊ Interpretation လုပ်ငန်းများမြန်ဆန်စွာပြုလုပ်ရန်နှင့် အလားအလာကောင်းသည့်နေရာများတွင် တွင်းသစ်များ တူးဖော်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားသည့်စည်းမျဉ်းများအား တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန် လိုကြောင်းမှာ ကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာနေမှုအခြေအနေ၊ တိုင်းတာ ရရှိသောအချက်အလက်များကို မှတ်တမ်းရယူနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးအားပေး ခဲ့ကြောင်း သတင်းရရှိပါသည်။