မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းနှင့်မိသားစုများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ကြေးနှင့် စားနပ်ရိက္ခာများ ပေးအပ်ခြင်းအခမ်းအနား
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ကြေးနှင့် စားနပ်ရိက္ခာ များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းနှင့်မိသားစုများအတွက် တတိယအကြိမ်မြောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းများရှိ ဝန်ထမ်းမိသားစုများအတွက် နေ့လည်စာနှင့်ညစာတို့ကို နေ့စဉ်ထောက်ပံ့ကျွေးမွေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် အလှူရှင်များမှပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ယာယီ ကယ်ဆယ်စခန်းများတွင်နေထိုင်သည့် ဝန်ထမ်းမိသားစုများ လုံခြုံစွာနေထိုင်နိုင်ရန် Modular Type (1)နှင့် Type (2) ကိုလည်း မေလဒုတိယပတ်အတွင်း ပြီးစီး အောင် တွန်းအားပေးတည်ဆောက်လျက်ရှိပါကြောင်း၊ ကျောင်းဖွင့်ချိန်ရာသီတွင်လည်း ဝန်ထမ်း မိသားစုများ၏ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်ရာတွင် အခက်အခဲမရှိစေရေး ကြိုပို့ယာဉ်များစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘေးဒုက္ခခံစားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်အချိန်ကာလအတွင်း တက်ညီလက်ညီနှင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားပါသည်။
ထိုနောက်ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့်ထိခိုက်သေဆုံးခဲ့သည့် ဝန်ထမ်း (၂)ဦး နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ဝန်ထမ်း(၂)ဦးတို့အတွက် ထောက်ပံ့ကြေး၊ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သည့်တိုက်များ၏မြေညီထပ်ပိပြားမှုဖြစ်ပေါ်ခဲ့သည့် တိုက်ခန်းများရှိ ဝန်ထမ်း များ ပြန်လည်ထူထောင်ရေးအတွက်ထောက်ပံကြေးနှင့် မြေငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်း ပေါင်း (၂၅၅၀) နှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ယာယီရုံးများဖွင့်လှစ်ဆောင်ရွက်နေသည့်အခြေအနေများနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ယာယီ ကယ်ဆယ်ရေးစခန်းအမှတ်(၂)တွင် Modular Type အဆောင်များ ဆောက်လုပ်နေမှုအခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။