News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရတနာစီမံကိန်းအထွက်တိုးရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားတက်ရောက်

09th Apr 2025

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရတနာစီမံကိန်းအထွက်တိုးရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားတက်ရောက်

 ၂၀၂ခုနှစ်၊ ဧပြီ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International Ltd. တို့အကြား ရတနာကမ်းလွန်စီမံကိန်း အထွက်တိုးရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အားထားရသည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီး ဌာနနှင့် PTTEP International Ltd. တို့အထွက်နှုန်းတိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ တစ်နှစ်အတွင်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် အထူးကြိုးစားဆောင်ရွက်ခဲ့ကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ PTTEP International Ltd. မှ တာဝန်ရှိသူများကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် စွမ်းအင်အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေ ကြရာတွင် သန့်ရှင်းသည့်စွမ်းအင်ဖြစ်သည့် သဘာဝဓာတ်ငွေ့အပေါ်တွင် မှီခိုအားထားလာကြသည် ဖြစ်ရာ သဘာဝဓာတ်ငွေ့လိုအပ်ချက်သည် သိသာစွာမြင့်တက်လာသကဲ့သို့ ဈေးနှုန်းလဲမြင့်မားလာပါ ကြောင်း၊ ယင်းသို့တန်ဖိုးရှိသည့်သဘာဝဓာတ်ငွေ့သိုက်များသည် မိမိတို့နိုင်ငံတွင် ထိုက်သင့်သည့် ပမာဏရှိနေသည်ဖြစ်ရာ စနစ်တကျထုတ်ယူ၍ အကျိုးရှိစွာအသုံးပြုနိုင်ရေး မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ချုပ်ဆိုသည့်စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာ မည့်သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံပြည်သူများသာမက ထိုင်းနိုင်ငံပြည်သူများ အနေဖြင့်လည်း မျှဝေသုံးစွဲခွင့်ရရှိမည့်အပေါ် ဝမ်းမြောက်မုဒိတာပွားမိပါကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်လိုသည့်အတွက် သဘာဝဓာတ်ငွေ့ပိုမိုရရှိလိုကြောင်းညှိနှိုင်းခဲ့သည့်အချိန်တွင် PTTEP. အနေဖြင့် စာချုပ်သတ်မှတ်ချက်အရ ထိုင်းနိုင်ငံအနေဖြင့် ရရှိမည့်ပမာဏကိုလျှော့ယူပြီး မျှဝေပေးခဲ့မှု အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP တို့သည် နှစ်ပေါင်းသုံးဆယ်ကျော် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဖြစ်ရာ မိသားစုသဖွယ်ဖြစ်နေ သည့်ရင်းနှီးမှုကိုအခြေခံ၍ အလွန် အလားအလာကောင်းများရှိသည့် ကမ်းလွန်စီမံကိန်းကြီးတစ်ခုတွင်လည်း ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားစွာဆွေးနွေးနေမှုအပေါ်တွင် ဝမ်းမြောက်ဝမ်းသာစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် အတိုင်းသတ်မှတ်ချိန်အတွင်း သဘာဝဓာတ်ငွေ့များတိုးမြှင့်ထွက်ရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် PTTEP International Ltd. မှ Vice President ဦးဆောင်သည့်အဖွဲ့ဖြင့် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စများ တိုးမြှင့် ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ PTTEP International Ltd. မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

Other News