News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးသည့်သတင်း

26th Jan 2025

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးသည့်သတင်း

                                           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် ပြည်တွင်းထုတ် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး သို့ရောက်ရှိရာ တာဝန်ရှိသူများမှ ပြည်ထောင်စုနယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိမရှိအား စစ်ဆေးကြပ်မတ်မှုအခြေအနေ၊ စက်သုံးဆီတင်ယာဉ်များအား ရှောင်တခင်စစ်ဆေးကြီးကြပ်မှုအခြေအနေ၊ အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့်အချင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိစေရေး Mobile Fuel Lab ဖြင့် စစ်ဆေးမှုအခြေအနေ၊ စက်သုံးဆီအရောင်း ဆိုင်များရှိ ဝန်ထမ်းများအား သင်တန်းပို့ချမှုအခြေအနေ၊ ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှု အခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီ အရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အချင်အတွယ်ကိုက်ညီ မှန်ကန်မှု ရှိစေရေး အမြဲမပြတ်စစ်ဆေးကြပ်မတ်သွားရန်လိုကြောင်း၊ ဌာနမှဖွင့်လှစ်ပို့ချပေးလျက်ရှိသော စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံသင်တန်းနှင့် စက်သုံးဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်း ခြင်းသင်တန်းတို့အား ထိထိရောက်ရောက်အကျိုးရှိစွာ ဖွင့်လှစ်ပို့ချနိုင်ရန်လိုအပ်ကြောင်း၊ မီးဘေး အန္တရာယ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချ၍ ယခင်မီးလောင်မှုဖြစ်စဉ်များအား နမူနာချပြပြီး အသိ ပညာပေးသွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ပထမအဆင့်အနေဖြင့် ပြည်တွင်းထုတ် ဓာတ်ဆီကို နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်မှ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ အား ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်သူများ၏တောင်းဆိုချက်အရ ဒုတိအဆင့် အနေဖြင့် Ron 68  အသုံးပြုရန်သင့်လျော်သည့်အများပြည်သူ ပိုင်မော်တော်ယာဉ်များနှင့် ဝန်ကြီး ဌာနများ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များအား ယနေမှစတင်၍ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေး သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ကျယ်ပြန့်စွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊  ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရခြင်း ကြောင့် သုံးစွဲသူများ၏လူမှုစီးပွားရေးအတွက် အထိုက်အလျောက်ထောက်ပံ့ပေးသွားနိုင်မည် ဖြစ်သဖြင့် ဝန်ထမ်းများက မိမိတို့အလုပ်တာဝန်အပေါ် စေတနာထားဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူကိုဝန်ဆောင်မှုပေးရသည့်လုပ်ငန်းဖြစ်သည့်အတွက် သုံးစွဲသူများ၏အကြံပြုချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်အတွင်း ပြည်တွင်းထုတ်စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေ များအားကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Other News