စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေအပေါ် သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများတင်ပြခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေအပေါ်သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ တင်ပြခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရေနံမြေ၊ စက်ရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲများမှလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ကုန်ထုတ် လုပ်မှုတိုးတက်ရေး၊ ဘဏ္ဍာငွေသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်၍ အဓိကထားပြောကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားရေးကောင်းမွန်ရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး သဘာဝအရင်းအမြစ်၊ လူ့စွမ်းအား၊ စက်ပစ္စည်းနှင့် လုပ်ငန်းအတွေ့အကြုံကောင်းများစွာရှိခဲ့ကြောင်း၊ နိုင်ငံ၏ GDP တိုးတက် ရန်မှာ ကုန်ထုတ်လုပ်မှုများရန်လိုပြီး ကုန်ထုတ်လုပ်မှုများမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် စီးပွားရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့၏ ဝန်ထမ်းအားလုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မိမိတို့၏ ကုန်ထုတ်လုပ် မှုမှာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ရာခိုင်နှုန်းအနည်းငယ်မျှသာ ဖြည့်ဆည်းပေးနိုင်သည့်အတွက် လိုအပ်ချက်ပြည့်မီစေရေး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်း၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်း နှင့် အသစ်တည်ဆောက်ခြင်းတို့အတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍတွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျခြိုးခြံချွေတာသုံးစွဲကြရန် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ထမ်းများ၏ အရည်အချင်း ပြည့်ဝစေရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး တို့အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျာထားချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ရေနံမြေအထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများနှင့် ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အောက်တို ဘာလကုန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ တွင်းသစ်များ ရှာဖွေတူးဖော်မှုနှင့် တွင်းဟောင်းပြုပြင် ထုတ်လုပ်မှုအခြေအနေများ၊ နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အများပြည်သူသို့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ ရေနံချက် စက်ရုံများ၊ ယူရီးယားဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံများ၏ ကုန်ထုတ်လုပ်မှု လျာထားရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်၏ ၇ လတာ ကာလအတွင်း ဘဏ္ဍာငွေသုံးစွဲပြီးစီးမှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ၏ CSR ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြမှု အပေါ် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အခြေအနေများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ် လုပ်မှု၊ ရေနံထွက်ပစ္စည်းများထုတ်လုပ်မှုအခြေအနေများနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီမံကိန်းများအား သတ်မှတ် အချိန်ကာလအတွင်း ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိဘဲ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ကြိုတင်စိစစ်တွက်ချက်မှုများကို Team work ဖြင့် စနစ်တကျ စီမံ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအတွက်လည်း နိုင်ငံတော်နှင့် အများပြည်သူ အကျိုးရှိစေမည့် လုပ်ငန်းများ ဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။