တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင်ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် နဝမအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲအား ကြည့်ရှုလေ့လာသည့်သတင်း
၂၀၂၄ ခုနှစ် ၊ နိုင်ဝင်ဘာလ ၇ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင်ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နဝမအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲအား လေ့လာကြည့်ရှုခဲ့ပြီးနောက် ရေနံနှင့်သဘာဝဓာတ်ငွေ့အခန်းကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် “အရှေ့အလယ် ပိုင်းဒေသ၊ အာဖရိကဒေသနှင့် တရုတ်နိုင်ငံတို့အကြား ပေါင်းကူးဆက်သွယ်ပေးနိုင်မည့် ပထဝီအနေ အထားအရအချက်အခြာကျသည့် မြန်မာနိုင်ငံမှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းတစ်ခုအား ဖန်တီး တည်ဆောက်ကြပါစို့ (Let’s Build a Bridge Between Middle-East, Africa & China)” ဟူသော ခေါင်းစဉ်ဖြင့် ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့်အခမ်းအနားကို အိမ်ရှင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှပြုလုပ်၍ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသများမှ နိုင်ငံများ၊ အရှေ့တောင် အာရှမှ မြန်မာနိုင်ငံတို့အား အဓိကထားဖိတ်ကြားထားသည်ကိုတွေ့မြင်ရပါကြောင်း၊ ပထဝီဝင်အနေ အထားအရ မိမိတို့ မြန်မာနိုင်ငံသည် အိမ်ရှင်နိုင်ငံနှင့် ဧည့်သည်တော်နိုင်ငံများအကြား အချက်အခြာ ကျပြီး ကုန်သွယ်မှုလုပ်ငန်းများတွင် ကြားခံနိုင်ငံအဖြစ် ပေါင်းကူးဆက်သွယ်ပေးနိုင်ပါကြောင်း၊ ဒါကြောင့် ဒီနေ့ဆက်လက်ကျင်းပပြုလုပ်မည့်ညီလာခံမှာ “အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသ နှင့် တရုတ်နိုင်ငံတို့အကြား ပေါင်းကူးဆက်သွယ်ပေးနိုင်မည့် ပထဝီအနေအထားအရအချက်အခြာကျသည့် မြန်မာနိုင်ငံမှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းတစ်ခုအား ဖန်တီးတည်ဆောက်ကြပါစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးနိုင်ရန်ပြင်ဆင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အချက်အခြာကျစွာတည်ရှိနေသည့် ကောင်းမွန်သောအခွင့်အရေးကိုအသုံးချပြီး ရရှိလာမည့်အကျိုးအမြတ်များကို မိတ်ဆွေနိုင်ငံများနှင့် အတူ မျှဝေခံစားခြင်းဖြင့် မိမိတို့၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ ရှိနေပါကြောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ပိုက်လိုင်း Infrastructure များလည်းရှိနေပါကြောင်း၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများလည်း အဆင့်မြှင့်တင်ရန်နှင့် ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ့ဘဏ်မှဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်သည့် ရေနံဆိပ်ကမ်း များနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေပါကြောင်း၊ ယင်းအခြေခံ ကောင်းများကိုသိရှိစေလိုပြီး လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးအတွက် နိုင်ငံအသီးသီးမှကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊ စွမ်းအင်အမျိုးမျိုးအား အချိုးကျအသုံးပြုရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် ၅၀ % ကျော်ရှိနေပါကြောင်း၊ ထို့ကြောင့် ယနေ့အခမ်းအနားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အခန်းကဏ္ဍအတွက် များစွာအကျိုးရှိ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံများအတွက်သာမက ကမ္ဘာ့ပေါ်ရှိ လူသားအားလုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နဝမ အကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ကုန်စည်ပြပွဲအား လေ့လာကြည့်ရှုခဲ့ကြောင်း သတင်း ရရှိပါသည်။