News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

17th Jul 2024

နေပြည်တော်၊ ဇူလိုင်လ ၁၇ ရက်

         စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)တွင် ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များ မှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ခဲ့ပါသည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှတာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကမ်းလွန် စီမံကိန်းများနှင့် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် ထုတ်လုပ်ရေးတွင်းနှင့် ရှာဖွေရေးတွင်းများ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေ၊ ဘုရားကုန်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရန် တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်မှုရလဒ်အပေါ် လေ့လာဆန်းစစ်တွက်ချက်မှုအခြေအနေနှင့် လာမည့်ပွင့်လင်းရာသီအတွင်း စပါးကြီးစမ်း၊ နတ်စင်ကုန်းဒေသတို့တွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ရန်ပြင်ဆင်ထား ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

         တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို စတင်လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု သည် များစွာနောက်ကျနေပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ခေတ်မီနည်းပညာများကိုအသုံးပြု၍ ယခုထက်ပိုမို ကြိုးပမ်းအားထုတ်သွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံမှုရှိရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သဖြင့် အစီအမံများသေချာစွာချမှတ်၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစား၍ ထွင်းဖောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရာတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိမျှတစေမည့်နည်းလမ်းကောင်းများဖြင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန လက် အောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံစီမံကိန်းများအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့ပံ့ပိုးပေးနိုင်ရေး အလေးထားရည်မှန်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီတွင်ဆောင် ရွက်မည့် ဆိုက်စမစ်တိုင်းတာရေး၊ ရှာဖွေ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများအား  အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်နိုင်သည့်ကိစ္စများ အား ပြီးပြတ်အောင် ယခုကတည်းက စီမံဆောင်ရွက်ထားကြရန်လိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Other News