News

Home News detail

သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများအောင်မြင်စွာတူးဖော်၍ ရေနံထုတ်လုပ်မှုသမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တိုက်တွန်းပြောကြား

31st May 2024

၂၀၂ ခုနှစ်၊ မေ၃၀ ရက်

သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများအောင်မြင်စွာ တူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့် ရေနံမြေဒေသအသီးသီး၏ လုပ်ငန်း တိုးတက်မှုအခြေအနေများအား သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်၍ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင် ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို စီမံဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများတူးဖော်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ ရေနံထုတ်လုပ်မှုသမိုင်းကြောင်းတွင် မြေအောက်၌ နက်ရှိုင်းစွာတည်ရှိနေသည့် အလားအလာကောင်းသော  ဟိုက်ဒရိုကာဗွန် ပါဝင်သည့် သဲကြောများသို့ရောက်ရှိသည်အထိ အောင်မြင်စွာတူးဖော်နိုင်ခြင်းမရှိသည့် အတွက် ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ပြီးမြောက်အောင်တူးဖော်မည့် တွင်းသစ် ၂ တွင်းသည် ရေနံထွက်ရှိရန် အတည် ပြု ထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိရောက်ရှိအောင် တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားကြစေလိုကြောင်း၊ တူးဖော်မည့်တွင်းသစ် ၂ တွင်းကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P Companyမှ နည်းပညာနှင့်အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်၍ မြန်မာနိုင်ငံသားများကိုယ်တိုင် ကြိုးစားဆောင်ရွက်ကြမည်ဖြစ်ရာ လုပ်ငန်းအပေါ်တွင် တန်ဖိုးထားဂုဏ်ယူသည့်စိတ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ထိုနောက်  MPRL E&P Company နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များက ပေနက်တွင်းများတူးဖော်ခြင်းနှင့်စပ်လျဉ်း၍ နည်းပညာများနှင့် အတွေ့ အကြုံများအားတင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက တူးဖော်မည့်ပေနက် တွင်းများအတွက် ပြုလုပ်ထားသည့် Design၊ တွေ့ကြုံရနိုင်သည့်အခက်အခဲများနှင့် ကြိုတင် ပြင်ဆင်ထားရှိမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အစီအစဉ်ဒုတိယပိုင်းအနေဖြင့် ရေနံမြေအသီးသီးမှ အထွေထွေမန်နေဂျာများက လက်ရှိထုတ်လုပ်နေမှုနှင့် တိုးတက်ထုတ်လုပ်ရန် သုတေသနပြုအောင်မြင်မှုများအား တင်ပြ ခြင်း၊ နည်းပညာအသုံးပြု၍ ဆောင်ရွက်နေမှု များအားတင်ပြခြင်း၊ လုပ်ငန်းအတွေ့အကြုံ များမျှဝေခြင်း၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့် အခက်အခဲများတင်ပြခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်း အတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊  MPRL E&P Company မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Other News