ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ်(၁၄)ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွား ရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာစီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များ လျော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာကိစ္စရပ်များကို ရေတို/ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများအား ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက်စက်ရုံအသစ်တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံ နှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ် မီနည်းပညာများအသုံးပြုခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများဆောင်ရွက်စေခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။
ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၄ မှ ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ ယမန် နေ့တွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပါသည်။ လက်ရှိ တိုးတက်ထွက်ရှိ လာသည့် သဘာဝဓာတ်ငွေ့များအား ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးလျက်ရှိပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အဖျောက်၊ မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် ပါးလွှာသဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ထုတ်လုပ် ရရှိသည့်သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံး မော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာ စက်ရုံများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ စက်ရုံများ၊ ရေနံဓာတ် ငွေ့ရည်စက်ရုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတို့တွင် ဖြန့်ဖြူးသုံးစွဲလျက်ရှိကြောင်း သတင်း ရရှိပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန