၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၁၈ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တောင်သူများအား စက်သုံးဆီအခက်အခဲကို လျော့နည်းသက်သာစေရေးနှင့်ဈေးနှုန်းသက်သာစွာ ဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့်လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် လယ်ဝေးမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်(၃)နေရာ၊ ပျဉ်မနားမြို့နယ်အတွင်း ကျေးရွာများအတွက်စုရပ်(၂)နေရာ၊ ဇေယျာသီရိမြို့နယ် အတွင်း ကျေးရွာများအတွက် စုရပ်(၂)နေရာ၊ စုစုပေါင်း စုရပ်(၇) နေရာတို့တွင် လယ်ယာစိုက်ပျိုး ရေးကဏ္ဍသုံး စက်ပစ္စည်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီ စုစုပေါင်း ၄၅၄၂ ဂါလန်အား နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးနေ့သည့်လယ်ယာမြေ လုပ်ငန်းခွင် အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ နွေစပါး နှင့်ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ တောင်သူများအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့များ၏ ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။